စစ်ကောင်စီနဲ့ ပူးပေါင်းနေတာကြောင့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအသင်းကို NUG ဖျက်သိမ်း

မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (Myanmar Oversea Employment Agency Association - MOEAA) ကို အပြီးတိုင်ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာနက ဇန်ဝါရီလ ၅ ရက်မှာ ကြေညာပါတယ်။

အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေဖမ်းဆီးပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့ကို မတရားအသင်းအဖြစ် ကြေညာခဲ့တဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး စစ်ကောင်စီအတွက် လိုအပ်တဲ့ငွေကြေး ကူညီထောက်ပံ့နေတာကြောင့် အခုလို ဖျက်သိမ်းတာလို့ ဆိုပါတယ်။

စစ်ကောင်စီ အရေးပေါ်လိုအပ်နေတဲ့ နိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ (MOEAA) ဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ချွေးနည်းစာကို မတရားဝင်ငွေခွန် (အခွန်နှစ်ထပ်) ကောက်ခံခြင်းနဲ့ လုပ်အားခ ၂၅ ရာခိုင်နှုန်း မိသားစုထံ ပြန်လွှဲပေးဖို့ စစ်ကောင်စီပြုလုပ်နေတဲ့ နည်းလမ်းတွေအတိုင်း လိုက်ပါဆောင်ရွက်နေတာလို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီအကျိုးအမြတ်ဖြစ်ဖို့ ငွေလွှဲမယ့်ကိစ္စတွေမှာ အတင်းအကျပ်ဖိအားပေး စေခိုင်းသူတွေကိုလည်း အမည်ပျက်စာရင်းသတ်မှတ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် တစ်ဦးကတော့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီတွေနဲ့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအသင်းတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရင် ရွှေ့ပြောင်းအလုပ်သမားတွေ အခွင့်အလမ်းကောင်းဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

"(MOEAA) က အလုပ်အကိုင် ဝန်ဆောင်မှုလို့သာပြောတာပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီမယ်၊ ပံ့ပိုးတယ် မရှိပါဘူး၊ စစ်ကောင်စီအတွက် မတရားဝင်ငွေခွန်တွေကောက်ခံဖို့ပဲ တက်တက်ကြွကြွတွေ လုပ်ပြနေတဲ့ အသင်းမို့ မရှိတော့တာက အလုပ်သမားတွေအတွက် ပိုကောင်းပါလိမ့်မယ်၊ ဒီထက်ပိုပြီး ထိထိရောက်ရောက် အရေးယူနိုင်ရင်တော့ ပြည်ပရောက် အလုပ်သမားတွေအတွက် အခွင့်အရေးတွေ ပိုကောင်းလာတာပေါ့"

(MOEAA) အနေနဲ့ စစ်ကောင်စီထံ စီးဆင်းနေတဲ့ငွေကြေးဟာ အရပ်သားပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ လေယာဉ်ဆီတင်သွင်းဖို့နဲ့ လက်နက်ခဲယမ်းတွေဝယ်ယူဖို့ အဓိကအသုံးပြုနေတယ်ဆိုတာ သိရက်နဲ့ အားပေးအားမြှောက်ပြုနေတယ်လို့လည်း (NUG) အလုပ်သမားဝန်ကြီးဌာနက ပြောထားပါတယ်။

(NUG) ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ရန်ကုန်မြို့မှာရှိတဲ့ (MOEAA) အသင်းချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ရှိလူကြီးတွေ ထိုင်းနိုင်ငံကို အစည်းဝေးသွားနေကြတာကြောင့် ဖြေပေးမယ့်သူမရှိဘူးလို့သာ အကြောင်းပြန်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ နေ့ကလည်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကို ဖျက်သိမ်းကြောင်း (NUG) ကကြေညာခဲ့သလို အခုနှစ်၊ ဇန်နဝါရီလ ၂၉ နေ့မှာတော့ (UMFCCI) ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။