မိုးကုတ်မှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦးသေဆုံး
2023.09.22

မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကသတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ မိုးကုတ်မြို့ စစ်ဗျူဟာကုန်းကနေ ရပ်ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အထက်ညောင်ကုန်းရွာက ငါးနှစ်အရွယ် မောင်အောင်ကိုမြတ်၊ ညောင်ကုန်းရွာက အသက် လေးဆယ်အရွယ် ဒေါ်ယာမယ်ရီနဲ့ ဦးရှမ်းကြီးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အခုရက်ပိုင်း မိုးကုတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတဲ့အတွက် အရပ်သားတွေသေဆုံးရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဖြစ်နေတဲ့ နေရာက မိုးကုတ်ကနေ ကျောက်မဲ၊ ပြင်ဦးလွင်ဘက်ထွက်တဲ့ ယာကြီးတို့၊ ကုန်းစံတို့၊ ညောင်ကုန်းတို့ အဲရွာတွေဘက်မှာ ဖြစ်နေတာ။ ဆယ်ရက်ကျော် လောက်ရှိနေပြီ လို့ပြောရမယ်။ ညောင်ကုန်းမှာဆိုရင် လက်နက်ကြီး ကျတာလည်းရှိတယ်။ ကလေးတစ် ယောက်ပါတယ် သေသွားတဲ့ အထဲမှာပါတယ်။ မနေ့က အထိကို ပစ်နေတုန်းပဲ။ မြို့အထွက် ဘက်ဆိုပေမယ့် ဒေသခံတွေက သတိနဲ့နေရတာပေါ့”
စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ညောင်ဖြူရွာက ဒေသခံနှစ်ဦး လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ညောင်ကုန်း၊ ကုန်းစံ၊ အထက်ညောင်ကုန်း အပါအဝင် အနီးအနားရွာတွေက ဒေသခံ ငါးရာကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ မိုးကုတ်မြို့ဒေသခံကပြောပါတယ်။
မိုးကုတ်မြို့က တိုက်ပွဲအခြေနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မိုးကုတ်မြို့နယ် အတွင်းမှာ စက်တင်ဘာလ ၁၁ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေကိုပါ လုပ်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်းမှာလည်း ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ပြန်ဖြစ်နေလို့ ဒေသခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။