မန္တလေးမြို့၊ မိုးကောင်းကျောင်းတိုက်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့၊ ညပိုင်း စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဟန်းနှစ်ပါးကို ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ မန္တလေး သံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ပါတယ်။
သံဃသမဂ္ဂ ဆရာတော်တစ်ပါးကို ရှာမတွေ့တာကြောင့် စာကျက်နေတဲ့ ဦးအဇ္ဇုနုနဲ့ ရှင်ကုသလတို့ နှစ်ပါးကို မေးစရာရှိလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မန္တလေး သံဃသမဂ္ဂ ဦးဆောင်ဆရာတော် တစ်ပါးက RFA ကို ဒီနေ့ မိန့်ပါတယ်။
"၁၁ လပိုင်း ၂ ရက်နေ့မှာ မိုးကောင်းကျောင်းတိုက်ထဲမှာ သီတင်းသုံးခဲ့တဲ့ သံဃသမဂ္ဂ ဦးဆောင်ဆရာတော် တစ်ပါးကို ဖမ်းဆီးဖို့ လာရှာကြတယ်။ နေ့လယ်ပိုင်းလာတဲ့အတွက် ဆရာတော်ကို မတွေ့သွားဘူး။ ညပိုင်းကျတော့ နောက်တစ်ခေါက် ထပ်လာပြီး မိုးကောင်းတိုက်ထဲက ဦးဇင်းတစ်ပါးနဲ့ ကိုရင်တစ်ပါးကို စာကျက်နေတဲ့ အချိန်မှာ အရင်ရှောင်သွားတဲ့ ဆရာတော်ကို မမိလို့ဆိုပြီးတော့ အဲဒီနှစ်ပါးကို ဖမ်းခေါ်သွားတယ်"
ခေါ်ဆောင်သွားချိန်မှာ ကျောင်းမှာရှိတဲ့ ဆရာတော်ကြီးတွေကိုတော့ ခဏမေးစရာရှိလို့သာ ဖြစ်ပြီး မေးပြီးရင် ပြန်ပို့ပေးပါမယ်လို့ စစ်ကောင်စီတပ်သားတွေက ပြောသွားကြောင်း ဆရာတော်က မိန့်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က မန္တလေးသံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော် ဖြစ်တဲ့ ဆရာတော် ဦးကလျာဏနဲ့ မန္တလေးသပိတ်အင်အားစုက လူငယ်လေးဦး အဖမ်းခံရပြီးနောက် ဆက်စပ်ပြီးတော့ ထပ်မံ လာရောက်ရှာဖွေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ သူတို့ရှာဖွေတဲ့ ဆရာတော်ကိုမတွေ့လို့ တွေ့တဲ့ သံဃာနှစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပေမယ့် အဲဒီနှစ်ပါးစလုံးဟာ သံဃသမဂ္ဂနဲ့ မဆိုင်တဲ့သူတွေဖြစ်တယ်လို့ သံဃသမဂ္ဂက ဒီနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဆရာတော်ကြီးရဲ့ ဖုန်းတွေကိုလည်း စစ်ဆေးစရာရှိလို့ဆိုပြီး ယူဆောင်သွားခဲ့ပေမယ့် ဒီနေ့အထိ ပြန်မပေးသလို ပြန်ပို့ပေးပါ့မယ်ဆိုပြီး ခေါ်သွားတဲ့ ဦးဇင်းနဲ့ ကိုရင်ကိုလည်း ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဆိုပါတယ်။
ပြည်တွင်းသတင်းမီဒီယာတွေနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို အခြေခံပြီး RFA က သီးသန့်ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ရဟန်းသံဃာ ၅၆ ပါး ဖမ်းဆီးခံရပြီး သံဃာ ငါးပါး သတ်ဖြတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီဟာ သူတို့ကို လက်နက်ကိုင်ခုခံနေသူတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဟန်းသံဃာတွေကို ဖမ်းဆီးအရေးယူနေတာဖြစ်ပြီး အဖမ်းခံရတဲ့ ရဟန်း သံဃာအများစုကတော့ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ မကွေးနဲ့ ရန်ကုန်တိုင်းတွေက ဖြစ်ပါတယ်။