ဟိုပင်မှာ ရေတူးရာကနေ ဓါတ်ငေ့ွထွက်


2018.06.03
moenyin-gas-622.jpg မိုးညှင်းမြို့နယ် ဟိုပင်မြို့က နေအိမ် ၁ ခုမှာ ရေဘုံဘိုင် တူးနေရင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က သဘာဝဓါတ်ငွေ့လို့ယူဆရတဲ့ အငွေ့တစ်မျိုး ထွက်လာနေမှုကို တွေ့ရစဉ်
Photo: Tin Hlaing - facebook

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ မြကျွန်းသာရပ်ကွက်က နေအိမ်တစ်အိမ်မှာ စက်ရေတွင်း တူးနေရာကနေ ဒီကနေ့ မနက် အစောပိုင်းက သဘာဝဓါတ်ငွေ့လို့ ယူဆရတဲ့ ဓါတ်ငွေ့တွေ ထွက်နေတာကြောင့် မီးသတ်တပ်ဖွဲ့ဝင် တွေက အများပြည်သူ မီးဘေးလုံခြုံရေး တာဝန်ယူ ဆောင်ရွက်နေပါတယ်။

အဲဒီဓါတ်ငွေ့ထွက်နေတဲ့ နေရာပတ်ဝန်းကျင် ပေ တစ်ထောင်အတွင်းမှာ မီးသုံးစွဲမှု နဲ့ ယာဉ်စက်ယန္တရားတွေ သွားလာမှုကို ကန့်သတ်ထားပြီး မီးဘေးလုံခြုံရေးတွေ ဆောင်ရွက်နေတယ်လို့ ပြည်နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစိုးဝင်း က ပြောပါတယ်။

"ပေ ၁ ထောင် ပတ်ဝန်းကျင်ကို အန္တရာယ်ဇုံလို့ သတ်မှတ်ထားပြီးတော့ ပေ ၁ ထောင်ရဲ့ ပြင်ပကို Safety zone လို့ သတ်မှတ်ထားတာပေါ့နော်။ ဓါတ်ငွေ့ထွက်တဲ့ ပတ်ဝန်းကျင် ပေ ၁ ထောင်ကိုတော့ အုပ်ချုပ်ရေး အဖွဲ့အစည်း များနဲ့ လူတွေကိုတော့ ဘေးကင်းတဲ့နေရာကို ရွှေ့ပြောင်းစေဖို့ လုပ်ထားပါတယ်။ ဓါတ်ငွေ့ဟာ အကယ်၍ မီးလောင်စေတဲ့ ဓါတ်ငွေ့များဖြစ်ခဲ့ရင်၊ အန္တရာယ်ရှိတဲ့ ဓါတ်ငွေ့များဖြစ်ခဲ့ရင် အများပြည်သူကို ထိခိုက်မှုမရှိစေဖို့ ရေမှုန်ရေမွှားလေးနဲ့ လေထုထဲကို လွှင့်ပျံအောင် လုပ်နေပါတယ်ဗျ"

လတ်တလောမှာ မီးသတ်ကား ၃ စင်းနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင်တွေက အဲဒီပတ်ဝန်းကျင်မှာ အသင့်ရောက်ရှိနေပြီး ရဲတပ်ဖွဲ့ဝင်တချို့ကလည်း လုံခြုံရေးတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကျွမ်းကျင်သူတွေက ဓါတ်ငွေ့တိုင်း ကိရိယာတွေနဲ့တိုင်းတာ စမ်းသပ်နေပြီး၊ လောလောဆယ်မှာ ဘယ်လို ဓါတ်ငွေ့ အမျိုးအစားဖြစ်တယ်ဆိုတာကို မသိရှိရသေးပါဘူး။

ဟိုပင်မြို့မှာ အဲဒီလို ဓါတ်ငွေ့ထွက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။