တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့လည်း မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ချမှတ်ထားတဲ့ မူအတိုင်း တဖွဲ့ကို တိုက်ခိုက်လာပါက ကျန်တဲ့အဖွဲ့တွေက အကူအညီ ပေးကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စစ်အစိုးရ တပ်ဖွဲ့တွေက အပစ်အခတ် ရပ်စဲထားတာကို ချိုးဖောက်ပြီး မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ကို မကြာခင်မှာ တိုက်ခိုက်လာနိုင်တယ်လို့လည်း ကြေငြာချက်မှာ ပါရှိပါတယ်။ အဲဒီအတွက် မိမိတို့ ပြည်ပရောက်မွန်တိုင်းရင်းသားတွေကနေ မွန်ပြည်သစ်ပါတီ NMSP ကို ငွေကြေးအားဖြင့် အကူအညီပေးဖို့ စီစဉ်နေကြောင်း၊ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ပါဝင် ကူညီပေးဖို့ ဆွေးနွေးနေကြောင်း၊ OMCC အဖွဲ့ရဲ့ ခေါင်းဆောင် တဦးဖြစ်သူ နိုင်ချမ်းမွန် က ပြောပါတယ်။ နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီ OMCC အဖွဲ့ရဲ့ ကြေငြာချက်ထဲမှာ အိမ်နီးချင်း ကမ္ဘာ့ အင်အားကြီး နိုင်ငံတခု ဖြစ်တဲ့ တရုတ်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေက မြန်မာ တနိုင်ငံလုံး ပြည်တွင်းစစ် ပြန်လည် ဖြစ်ပွားလာမှာကို ကူညီ တားဆီးပေးဖို့လည်း တိုက်တွန်းထားပါတယ်။