မွန်ပြည်နယ် ရေးမြို့နယ်မှာ ငွေကျပ်သန်းတစ်ထောင် ကုန်ကျမယ့် အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းခင်းဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့က တင်ဒါမခေါ်ဘဲ နီးစပ်ရာကို လုပ်ပိုင်ခွင့်ချပေးခဲ့တာဟာ အဂတိလိုက်စားမှု ရှိနိုင်တယ်ဆိုပြီး အရပ်ဖက်အဖွဲ့အစည်းတချို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဒီနေ့ တိုင်ကြားလိုက်ပါတယ်။
အောင်သပြေ-နှစ်ကရင်လမ်းခင်းဖို့ ကျပ်သန်းတစ်ထောင်ကို တင်ဒါမခေါ်ဘဲ Southern Myanmar Development ကုမ္ပဏီကို လုပ်ပိုင်ခွင့်ချပေးတာ၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဖြေကြားချက်တွေဟာ ရှေ့နောက်မညီတာကြောင့် အဂတိလိုက်စားမှု ရှိ၊ မရှိကို စစ်ဆေးအရေးယူပေးဖို့ တိုင်ကြားတာလို့ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့က ဦးအောင်နိုင်ဝင်း က RFA ကို ပြောပါတယ်။
ဒါ့အပြင် ကျိုက်ထီးရိုးဘုရား အမှိုက်မီးရှို့စက်ဝယ်ယူရာမှာ ပြည်နယ်အစိုးရအဖွဲ့က ကျပ်သန်း ၄၀၀ ကျော် ကုန်ကျမယ့်အထဲက ဘုရားရန်ပုံငွေကို ကျပ်သန်း ၂၀၀ အသုံးပြုခဲ့တာတွေဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ မညီတာတွေရှိတာကြောင့် စစ်ဆေးအရေးယူပေးဖို့တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားစာ ရောက်၊ မရောက် မေးမြန်းရာမှာတော့ တိုင်ကြားသူ ကိုယ်တိုင်မဟုတ်ရင် ကျင့်ဝတ်အရဖြေကြားလို့မရဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး က RFA ကို ပြောပါတယ်။
တိုင်ကြားခံရတာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။ အောင်သပြေ နှစ်ကရင်လမ်းခင်းတာမှာ တင်ဒါမခေါ် ဘဲပေးတာကို ပြည်ထောင်စုအစိုးရအဖွဲ့ကနေ စစ်ဆေးအရေးယူပေးဖို့ မွန်ညီညွှတ်ရေးပါတီ ထူထောင်ခွင့်ရသူတွေက ပြီးခဲ့တဲ့လက တောင်းဆိုတာတွေရှိခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။