နိုင်ငံခြားငွေလဲ လိုင်စင်ရ ကုမ္ပဏီ ၁၅ ခုကို ဗဟိုဘဏ် အရေးယူထား

နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့် လိုင်စင်ရထားတဲ့ ကုမ္ပဏီ ၁၅ ခုကို မတ်လရဲ့ ရက် ၂၀ အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အရေးယူထားတာကို ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

အဲဒီထဲမှာ နိုင်ငံခြားငွေလဲလှယ်ရောင်းချခွင့် လိုင်စင်ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီ ရှစ်ခုပါဝင်နေပြီး လိုင်စင် ခြောက်လဆိုင်ငံ့ခံရတဲ့ ကုမ္ပဏီ နှစ်ခု၊ သုံးလဆိုင်းငံ့ခံရတဲ့ ကုမ္ပဏီ ငါးခု ပါဝင်နေတာ တွေ့ရပါတယ်။

ဗဟိုဘဏ်ရဲ့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ Kaung Han Thar ကုမ္ပဏီ၊ Lite Finance Myanmar ကုမ္ပဏီနဲ့ Wings & Wheels Travels & Tours ကုမ္ပဏီတို့ကို ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့အတွက် လိုင်စင်ရုပ်သိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်ရောင်းချခွင့် လိုင်စင်ရုပ်သိမ်းတာခံခဲ့ရတဲ့ ကုမ္ပဏီတွေထဲက ကုမ္ပဏီလေးခုကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ကုမ္ပဏီတစ်ခုက လိုင်စင်ရုပ်သိမ်းခံရတဲ့အကြောင်း မသိရှိသေးဘူးလို့ ဖြေဆိုခဲ့ပြီး နောက်ထပ်ကုမ္ပဏီတစ်ခုကတော့ ဗဟိုဘဏ်က တာဝန်ရှိသူတွေ လာရောက်ခဲ့ပေမယ့် ပိတ်သိမ်းခိုင်းတာ မရှိဘူးလို့ ဆိုပါတယ်။

ကျန်ကုမ္ပဏီနှစ်ကိုတော့ RFA က ဖုန်းနဲ့ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေဖို့နဲ့ ဈေးကစားမှု မဖြစ်စေဖို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ငွေလဲနှုန်းတွေ ဖော်ပြနေတဲ့ စာမျက်နှာ ၁၅ ခုကို အရေးယူသွားမယ်လို့ မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပြီး နိုင်ငံခြားငွေ လဲလှယ်ရောင်းချနေတဲ့ ကောင်တာတွေကိုလည်း ဗဟိုဘဏ်က ရှောင်တခင်စစ်ဆေးနေတယ်လို့ မတ်လ ၁၁ ရက်က ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အဓိက နိုင်ငံခြားငွေဖြစ်တဲ့ အမေရိကန်ဒေါ်လာဈေးနှုန်းတွေဟာ မတ်လ ၁ ရက်နေ့မှာ တစ်ဒေါ်လာ ၃၆၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာကနေ မတ်လ ၂၁ ရက်နေ့မှာတော့ ၃၇၀၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပြီး ဒါဟာ အာဏာမသိမ်းခင်ထက် သုံးဆနီးပါး မြင့်တက်နေတာဖြစ်ပါတယ်။