မိုင်းဖြတ် SNLD အမတ်လောင်းကို ပြည်သူ့စစ်အဖွဲ့ အမှုဖွင့်


2020.11.14
Mong-Hpayak-622.jpg မိုင်းဖြတ်မြို့နယ်က မဲဆန္ဒရှင်တွေကို ကားနဲ့လိုက်ခေါ်ပြီး မဲရုံတွေကို ပို့ပေးခဲ့စဉ်
Photo: ဦးကျဖေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျဖေ့ကို နမ့်ယွန်း ပြည်သူ့စစ်အဖွဲ့က မိုင်းဖြတ်မြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်လိုက်ပါတယ်။

နမ့်ယွန်းပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူတစ်ယောက်က SNLD ကိုယ်စားလှယ်လောင်းကို မနေ့က အမှုလာဖွင့်ထားကြောင်း မိုင်းဖြတ်မြို့နယ် ရဲစခန်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို အတည်ပြုပါတယ်။ လက်ရှိအချိန်ထိတော့ အမှုဖွင့်ထားတဲ့အဆင့်ပဲ ရှိသေးပြီး စစ်ဆေးဆောင်ရွက်တာတွေ မလုပ်ရသေးကြောင်းလည်း ပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ ဦးကျဖေ့ကတော့ လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ အကြောင်းကြားတာမရှိသေးဘဲ သူတင်ခဲ့တာတွေဟာ သက်သေအထောက်အထားတွေ ရှိတဲ့အပြင် တခြားပါတီတွေက ကိုယ်စားလှယ်တွေလည်း သိရှိထားတဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

မဲဆန္ဒရှင်တွေကို ပြည်သူ့စစ်အဖွဲ့က ငါတို့ပါတီကို မဲပေးရမယ်ဆိုပြီး ကားတွေနဲ့လိုက်ခေါ်ခဲ့ကြောင်း  ဦးကျဖေ့က သူ့ရဲ့ ဖေ့ဘွတ်စ်အကောင့်မှာ နိုဝင်ဘာ ၁၁ ရက်နေ့မနက်က တင်ခဲ့တာကြောင့် နမ့်ယွန်းပြည်သူ့စစ်အဖွဲ့က ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ အဲဒီ မိုင်းဖြတ်မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေ အနိုင်ရထားတာ ဖြစ်ပါတယ်။

မိုင်းဖြတ်မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ဒုတိယ မဲအများဆုံးရထားပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ကိုယ်စားလှယ် တွေက တတိယ မဲအများဆုံးဖြစ်ပါတယ်။  SNLD ကိုယ်စားလှယ်လောင်းတွေကတော့ မဲရရှိမှုမှာ စတုတ္ထနေရာမှာ ရှိပါတယ်။

မိုင်းဖြတ်မြို့နယ် NLD ပါတီအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးမောင်စိန်ကတော့ ပြည်သူ့စစ်အဖွဲ့က မဲဆန္ဒရှင် တွေကို ကားနဲ့လိုက်ခေါ်ပြီး မဲရုံတွေကို ပို့ပေးခဲ့တဲ့ အချက်အပါအဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကို ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

မဲဆန္ဒရှင်တွေကို ကားတွေနဲ့ လိုက်ခေါ်ကြောင်း ပြောဆိုနေတာတွေ အပါအဝင် SNLD ပါတီ ကိုယ်စားလှယ်လောင်းကို တရားစွဲထားတာနဲ့ ပတ်သက်ပြီး နမ့်ယွန်းပြည်သူ့စစ်အဖွဲ့ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အရ ပြစ်မှုကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ရင် အများဆုံး ချမှတ်နိုင်တဲ့ ထောင်ဒဏ်က နှစ်နှစ် ဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။