စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ အများဆုံး နေထိုင်ကြတဲ့ မုံလှရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က တိုက်ခိုက်ခံရတဲ့အပေါ် ဝမ်းနည်းကြေကွဲမိတယ်လို့ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုက RFA ကို ဒီဇင်ဘာလ ၁ ရက် မနေ့ညက ပြောပါတယ်။
နေအိမ်တွေ မီးရှို့ခံရတာ၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာနဲ့ ပတ်သက်လို့ ဝမ်းနည်းကြေကွဲမိတာကြောင့် စစ်ပွဲနဲ့အဖြေမရှာဖို့ လိုတယ်လို့ ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောပါတယ်။
"ဆရာတော်ရဲ့ မွေးရပ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က- မုံလှရွာ - နှစ်ဘက် တိုက်ပွဲကြောင့် ဒေသခံတချို့ သေဆုံးခဲ့ရသလို တချို့လည်းထွက်ပြေးနေရပါတယ်။ မုံလှရွာနဲ့ ဘေးရွာတွေ- တခြားတခြားသောဒေသက - လူတွေ- အိမ်ယာတွေဟာ နှစ်ဘက်စလုံးတိုက်ပွဲဖြစ်ရခြင်းကြောင့် ဆုံးရှုံးရတဲ့အတွက် ဆရာတော် အထူး ဝမ်းနည်းကြေကွဲ ယူကျုံးမရဖြစ်ပါတယ်၊ စစ်ပွဲနဲ့အဖြေ ဘယ်တော့မှ မရပါဘူး၊ အတတ်နိုင်ဆုံးကြိုးစားကြရပြီး- စစ်နဲ့အဖြေမရှာဖို့ အရေးကြီးပါတယ်။ စစ်ဟာ - သေဆုံးခြင်းနဲ့ဖျက်ဆီးခြင်းကို ယူလာပါတယ်။ စစ်ဟာ တဖက်သားလူ ကောင်းမွန် မြတ်တယ်ဆိုတဲ့ မွန်မြတ်စိတ်ကို ဖျက်ဆီးပါတယ်"
မုံလှရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က စစ်ကောင်စီက လေကြောင်း၊ ကုန်းကြောင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ လက်နက်ကြီးကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရသလို နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံရွာသားတွေက ပြောဆိုထားကြပါတယ်။
မုံလှရွာအပါအဝင် ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ ချောင်းရိုး၊ ချမ်းသာ စတဲ့ရွာတွေမှာလည်း မြေပြင်နဲ့ ဝေဟင်ထိုးစစ်တွေကြောင့် ဒေသခံသုံးဦး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံးခဲ့ရပြီး ဘုရားကျောင်း၊ စာသင်ကျောင်း အပါအဝင် နေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ထိုးစစ်တွေကြောင့် အဲဒီရွာတွေက ဒေသခံ ၆၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ကာဒီနယ်ချားလ်စ်ဘိုရဲ့ မွေးရပ်မြေဖြစ်တဲ့ မုံလှရွာဟာ ဘရင်ဂျီလို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ အများစု နေထိုင်ကြသလို၊ အဲဒီရွာမှာ ကာဒီနယ်လှူဒါန်းထားတဲ့ စာသင်ကျောင်းလည်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ ပျက်စီးခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုကတော့ ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသောလမ်း ဖြစ်တာကြောင့် လူသားတွေရဲ့ နှလုံးသားမှာ ငြိမ်းချမ်းရေးထက် တမ်းတတာ တခြားမရှိသလို လူ့လောဘနဲ့ စိုးမိုးအုပ်ချုပ်ချင်တဲ့ ဆန္ဒကြောင့် ကံဆိုးမိုးမှောင်ကျနေရတာလို့ RFA ကို ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN-OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။