မုံရွာမြို့နယ် ကျပိုင်ရွာမှာ အရပ်သား ၁၁ ဦး မီးရှို့သတ်ဖြတ်ခံထားရ
2023.12.02

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျပိုင်ရွာမှာ ဒီဇင်ဘာလ ၂ ရက် မနေ့က အရပ်သား ၁၁ ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂ ရက် မနေ့မနက်ပိုင်းမှာ ကျပိုင်ရွာထဲကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ စုစုပေါင်းအင်အားရှစ်ဆယ်နီးပါး စီးနင်း၀င်ရောက်ခဲ့ပြီးနောက် အခုလိုသတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၀ ကနေ ၅၀ ကျော်အရွယ် အမျိုးသားတွေဖြစ်ပြီး မီးရှို့သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျပိုင်ရွာထဲမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့ရပါတယ်။ နေအိမ်တွေလည်း မီးရှို့ခဲ့ပါတယ်။ ရုပ်အလောင်း ၁၁ လောင်းက အိမ်တစ်ခုတည်းမှာပဲ စုပုံပြီးတွေ့ရပါတယ်။ ကျပိုင်ရွာသားတွေပါ”
မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
မုံရွာခရိုင် အမှတ် (၅) တပ်ရင်း အောင်ဆန်းတပ်ဖွဲ့တာဝန်ခံ ကိုအောင်ရှိန်းကတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျပိုင်ရွာနဲ့ကပ်လျက်က ပျူစောထီးတွေရှိတဲ့ တောပုရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ၀င်ရောက်တိုက်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
အဲဒီနောက် ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ တောပုရွာအနီးမှာရှိတဲ့ ကျပိုင်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ပြန်ပြီးဝင်ပြီး စီးနင်းခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်းသေဆုံးခဲ့ရတဲ့ အရပ်သား ၄၂၁၈ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။