မုံရွာ ထန်းလေးပင်ရွာမှာ ရုပ်အလောင်းတစ်လောင်း ထပ်တွေ့၊ သေဆုံးသူ ကိုးဦးရှိလာ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာမှာ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေလို့ ယူဆရတဲ့ ရုပ်အလောင်း တစ်လောင်းကို နိုဝင်ဘာ ၈ ရက် ဒီနေ့ ထပ်မံတွေ့ရှိတာ ကြောင့် စုစုပေါင်း သေဆုံးသူ ကိုးဦး ရှိသွားပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက ပြောပါတယ်။

မုံရွာမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ထန်းလေးပင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ နိုဝင်ဘာလ ၆ ရက် နေ့က တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် စစ်တပ်က ရွာထဲကို ဝင်လာပြီး ဖမ်းဆီးသတ်ဖြတ်တာကြောင့် PDF လေးဦးနဲ့ အရပ်သား လေးဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့တာလို့ ဒေသခံတွေက မနေ့က RFA ကို ပြောဆိုခဲ့ပါတယ်။

ရုပ်အလောင်းအများစုက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးနေတာကြောင့် အရေ အတွက် အတိအကျနဲ့ မည်သူမည်ဝါ ခွဲခြားလို့ မရသေးဘဲ ဒီနေ့မှ အသတ်ခံရသူ ကိုးဦး ရှိနေတာကို အတည်ပြုနိုင်တာလို့ မုံရွာဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"ခြေတွေ၊ လက်တွေ ပြတ်နေတာပေါ့၊ အများစုက အမျိုးသားတွေများပါတယ်၊ သူတို့ အကုန်လုံးက ဘယ်သူက ဒေသခံ၊ ဘယ်သူက တပ်ရင်းတပ်ဖွဲ့ကဆိုတာ ခန့်မှန်းဖို့ အရမ်း ခက်နေတယ်၊ အိမ် ၁၀ လုံးနီးပါးလည်း မီးရှို့ခံရတယ်၊ ကျနော်တို့ လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်"

အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းဟာ ထန်းလေးပင်ရွာကို နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ဝင်ရောက်ခဲ့ပြီးနောက် အရပ်သားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် မခွဲခြားတော့ဘဲ ဖမ်းဆီးပစ်သတ်ခဲ့တာလို့ သူက ဆိုပါတယ်။

ပစ်သတ်ခံထားရသူ အများစုဟာ အသက်နှစ်ဆယ်ကနေ လေးဆယ်ကျော်အထိ ပါဝင်ပြီး၊ ရုပ်အလောင်းတွေကို ရွာအလယ်ပိုင်းက နေအိမ်တွေပေါ်မှာ တွေ့ရှိတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဒီကိစ္စကို အတိအကျ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်တပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန် လူမှုကွန်ရက်တွေမှာတော့ နိုဝင်ဘာ ၆ ရက်နေ့က သေဆုံးသူ ရှစ်ဦးဟာ PDF တွေ ဖြစ်တယ်လို့ နိုဝင်ဘာ ၇ ရက် မနေ့က ရေးသားဖော်ပြကြ ပါတယ်။

ဒါပေမဲ့ သေဆုံးသူ ရှစ်ဦးထဲက လေးဦးဟာ အရပ်သားတွေသာ ဖြစ်တယ်လို့ တော်လှန်ရေး အဖွဲ့ တစ်ခုဖြစ်တဲ့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ က RFA ကို ပြောပါတယ်။

ထန်းလေးပင်ရွာဟာ အိမ်ထောင်စု နှစ်ရာနီးပါးရှိပြီး စစ်ကြောင်းဝင်လာပြီး ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် လူဦးရေ လေးရာနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။