မုံရွာထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် တစ်ရာဝန်းကျင်ကို ထောင်ပြောင်းရွှေ့

RFA Burmese
2024.09.21
မုံရွာထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် တစ်ရာဝန်းကျင်ကို ထောင်ပြောင်းရွှေ့ ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် စစ်ကောင်စီတပ်၏ စစ်ရေယာဉ်များအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ငါးဆယ်ခန့်အပါအဝင် အကျဉ်းသား တစ်ရာဝန်းကျင်ကို ရေကြောင်းကနေ စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ပြောပါတယ်။

မုံရွာထောင်ကနေ အကျဉ်းသားတွေကို ရေကြောင်းကနေ ပြောင်းရွှေ့တာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပြီး အကျဉ်းသားတွေကို တင်လာတဲ့ စစ်သင်္ဘောတွေအပါအဝင် စစ်ကောင်စီ တပ်သားတွေနဲ့ ရိက္ခာတွေပါတဲ့ သင်္ဘော ၂၂ စီးနဲ့ ပြောင်းရွှေ့နေတာလို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"စုစုပေါင်းအရေအတွက်က တစ်ရာရှိတယ်၊ အဲဒီထဲမှာ နိုင်ကျဉ်းက အနည်းဆုံး ငါးဆယ်ဝန်းကျင်ပါသွားတယ်ဆိုတာ အတည်ပြုထားနိုင်တယ်၊ ကျွန်တော်တို့ အတည်မပြုနိုင်သေးတဲ့ နိုင်ကျဉ်းတွေလည်း ပါကောင်းပါနိုင်တယ်။ အကုန်လုံးကတော့ အမျိုးသားတွေချည်းပဲ။ စစ်သင်္ဘောတွေလည်း ကင်းလိုက်လာတယ်။ ပုံမှန်သွားနေကျကုန်းလမ်းက သူတို့(စစ်ကောင်စီ) စိုးမိုးနယ်မြေ သိပ်မရှိလို့ ရေကြောင်းကို အသုံးပြုတာလို့ ထင်တယ်"

စက်တင်ဘာ ၂၁ ရက်နေ့မနက် နှစ်နာရီလောက်မှာ မုံရွာမြို့တော်ခန်းမကနေ မင်းဒေါင့်ဆိပ်ကမ်းဘက်ကို သွားပြီး ဆိပ်ကမ်းကနေ မနက် ကိုးနာရီကျော်လောက်မှာ ထွက်ခွာသွားတယ်လို့လည်း ဆိုပါတယ်။ ဒီအကျဉ်းသား တစ်ရာဝန်ကျင်းကို မြင်းခြံထောင်နဲ့ မကွေးထောင်ကို ပြောင်းရွှေ့တာဖြစ်နိုင်တယ်လို့ PPNM က ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မုံရွာထောင်ကနေ အနည်းဆုံး နှစ်ကြိမ်လောက် ကုန်းလမ်းကနေ အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ခဲ့ရာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၁၅ ရက်နေ့က ထောင်ပြောင်းရွှေ့ချိန် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် CDM ဆရာဝန် ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့ပြီး အနည်းဆုံး သုံးဆယ်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက "အခုပြောင်းတဲ့ပုံစံက ရေကြောင်းကနေ ဖြစ်တဲ့အတွက် ကုန်းကြောင်းမှာ လုံခြုံရေးအရ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာ သေချာသွားပြီ။ နောက်တစ်ခုက မုံရွာလိုနေရာမျိုးမှာ စစ်ရေးအရ မတည်ငြိမ်မှုတွေ ရှိလာနိုင်တယ်လို့ သူတို့(စစ်ကောင်စီ) ယူဆထားပုံရတယ် အဲဒါကြောင့် အကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို မကွေးတို့ မြင်းခြံတို့ သရက်တို့ စသဖြင့်ပေါ့နော် အဲဒီဘက်တွေကို ခွဲပြီး ပို့ကောင်း ပို့နိုင်တယ်" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေကိုတော့ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက မြင်းခြံထောင်ကို ပြောင်းရွှေ့ထားတာ ဖြစ်ပါတယ်။ လက်ရှိ မုံရွာအကျဉ်းထောင်မှာ နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မ ၁ဝ ခုကျော်နဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အကျဉ်းချခံထားရဆဲဖြစ်ပါတယ်။

မုံရွာထောင်ကနေ ထောင်ပြောင်းရွှေ့တဲ့သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီ အကျဉ်းဦးစီးဌာန တာဝန်ရှိသူနဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

မုံရွာအကျဉ်းထောင်မှာ အကျဉ်းသား၊ အကျဉ်းသူ ၉ဝဝ ဝန်းကျင်ရှိပြီး အဲဒီထဲမှာ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၃ဝဝ လောက် ရှိတယ်လို့ PPNM က ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။