မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်အထိ စစ်ကောင်စီရဲ့ စစ်ကြောရေးထဲမှာ သေဆုံးခဲ့ရသူ ၂၁၇ ဦးရှိတယ်လို့ လန်ဒန်အခြေစိုက် Burma Human Rights Network (BHRN) က RFA ကို စက်တင်ဘာ ၇ ရက် မနေ့က ပြောပါတယ်။
သေဆုံးတဲ့သူတွေထဲမှာ လူငယ်တွေများတယ်လို့ Burma Human Rights Network (BHRN) ရဲ့ အလုပ် အမှုဆောင်ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ပြောပါတယ်။
"အသတ်ခံရတဲ့အထဲမှာ အမျိုးသားလူငယ်တွေ များတယ်။ အမျိုးသမီးငယ်တွေလည်း ပါတယ်။ မြေအောက်တော်လှန်ရေးအဖွဲ့တွေထဲမှာလည်း မသိရဘဲ သေဆုံးခဲ့သူတွေ ရှိတယ်။ သေဆုံးတဲ့ အကြောင်းအရာ အားလုံးမှာ နေရာဒေသ မတူပေမယ့် သတ်တဲ့ပုံစံ လည်း တူတယ်၊ ဖမ်းတဲ့ပုံစံလည်းတူတယ်။ နောက်ပြီးတော့ နှိပ်စက်တဲ့ ပုံစံကလည်း တူတယ်ဆိုတော့ ဒါက လူသားချင်းဆိုင်ရာကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်"
ဒီအချက်အလက်တွေက အကျဉ်းထောင်ထဲက ပြန်လွတ်လာသူတွေ၊ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေကို အခြေခံထားတာဖြစ်ပြီး စစ်ကြောရေးထဲမှာ သေဆုံးသူတွေက အခုရရှိထားတဲ့ အရေအတွက်ထက် ပိုများနိုင်တယ် လို့လည်း သူကဆက်ပြောပါတယ်။
စစ်ကြောရေးထဲစခန်းတွေထဲ သေဆုံးရသူတွေဟာ လွန်ကဲတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ကြောင့် သေဆုံးရတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။
"လူမဆန်တဲ့စစ်ကြောရေးပုံစံနဲ့ လူ့အခွင့်အရေးချိုးဖောက်တာမှန်သမျှ အကုန်လုပ်တယ်။ စစ်ကြောရေးမှာ ရိုက်သတ်တာလည်းရှိတယ်။ တချို့ဆို စစ်ကြောရေးတောင် မရောက်ဘူး။ ဖမ်းမိတဲ့နေရာတင် အသတ်ခံလိုက်ရတာတွေလည်း အများကြီးပါပဲ။ မနေ့တစ်နေ့ကမှ ဆုံးသွားတဲ့ ကိုအောင်ဇော်ဦးဆိုရင် သူ့ကိုဖမ်းပြီး စစ်ကြောရေးမှာ ရေနွေးပူလောင်းတယ်။ သွားတွေအကုန် ကျွတ်သွားပြီး နံရိုးတွေလည်း ရိုက်ချိုး ခံခဲ့ရတယ်"
စစ်ကြောရေးထဲမှာ တစ်ညလုံး အိပ်ခွင့်မပေးတာ၊ လက်နောက်ပြန်တုတ်ပြီး ရိုက်နှက်တာ၊ မျက်နာဖုံးစွပ်ပြီး အခန်းထဲ ပြေးခိုင်းတာနဲ့ ခြေဖျားထောက်ခိုင်းပြီး ခြေဖျားအောက်မှာ ပင်အပ်တွေထားတာရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အဖမ်းခံရတဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရမှုတွေ အပြင် သူတို့လိုချင်တဲ့ အချက်အလက်မရမချင်း နည်းလမ်းမျိုးစုံနဲ့ ညှဉ်းပန်းမှုတွေကြောင့် အဖမ်းခံရပြီး ၂၅ နာရီမပြည့်ခင် သေဆုံးရတာတွေလည်းရှိတယ်လို့ ဦးထွန်းကြည်က ဆက်ပြောပါတယ်။
"ပြီးခဲ့တဲ့နှစ် မတ်လမှာ ပန်းဘဲတန်းက ကိုခင်မောင်လတ်ကို ညပိုင်းကဖမ်းတယ်၊ မနက်ကျတော့ အလောင်းလာထုတ်ဖို့ ပြောတယ်။ အစ္စလာမ်ဘာသာအရ စစ်ဆေးရုံ ကနေ အလောင်းကိုရအောင်ထုတ်ပြီး ကြည့်တော့ ရိုက်နှက်ကန်ကျောက်ထားတဲ့ ဒဏ်ရာတွေက သွေးတောင်မတိတ်သေးဘူး။ စစ်ကြောရေးမှာ ရိုက်သတ်လိုက်တာပဲ"
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ဆေးမေးမြန်းမှုတွေအတွင်း သေဆုံးမှုတွေရှိတာကို မငြင်းလိုကြောင်းနဲ့ သေဆုံးတဲ့အခါ သေမှု၊ သေခင်းဖွင့်ပြီး ဥပဒေ အတိုင်း လုပ်ဆောင်တာတွေရှိတယ်လို့ RFA ကို ယခင်က ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့အထိ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ ၂,၂၆၇ ဦး သေဆုံး ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP ရဲ့ ထုတ်ပြန်ချက်ကို အသိမှတ်ပြုထားတာမရှိပါဘူး။