စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မယ်သဲကြိုးကွင်းရွာနဲ့ အင်းမရွာတွေကို စစ်ကောင်စီ တပ်က အောက်တိုဘာလ ၁၁ ရက် မနေ့မှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးတာကြောင့် နှစ်ရွာပေါင်းက အိမ်ခြေ ၄၀ လောက် မီးလောင်သွားတယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
မယ်သဲကြိုးကွင်းရွာက နေအိမ် အလုံး ၂၀ ခန့်နဲ့ အင်းမရွာက နေအိမ် အလုံး ၂၀ ခန့် မီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၂ ရက် ဒီနေ့မှာလည်း မယ်သဲကြိုးကွင်းရွာကိုရောက်နေတဲ့ စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က နှစ်ရွာပေါင်းကို အိမ်ခြေ ၄၀ လောက်မီးရှို့ခံရတယ်။ ဒီနေ့လည်း စစ်ကြောင်းက မယ်သဲကြိုးကွင်းကို ရောက်နေတာ နေ့လယ်က မိုင်းဆွဲတဲ့အသံတွေ ကြားနေရတယ်။ ဒေသခံတွေတော့ ရွာကိုပြန်မကပ်ရဲသေးဘူး”
စစ်ကြောင်းဝင်ရောက်လာတာကြောင့် ရှမ်းထူးရွာ အပါအဝင် ပေါက်၊ မယ်သဲကြိုးကွင်း၊ ညောင်ပင်တဲ၊ အင်းမ စတဲ့ ရွာတွေက ဒေသခံ ၁၅၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။
အင်အားတစ်ရာကျော်ပါတဲ့ အဲဒီစစ်ကြောင်းဟာ မယ်သဲကြိုးကွင်းရွာဘက်ကို မလာခင် ချောင်းဦးမြို့နယ်ထဲက ခင်မွန်ရွာနဲ့ အောင်ချမ်းသာရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ခင်မွန်ရွာမှာတော့ နေအိမ် ၁၀ လုံးလောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး အဲဒီအထဲကမှ စစ်ကိုင်းတိုင်းဟာ ၂၅,၃၇၇ လုံးနဲ့ အများဆုံး မီးရှို့ခံရတဲ့ ဒေသဖြစ်ပါတယ်။