တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းက ဘဝပင်ကျေးရွာဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်ကတည်းက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
ထားဝယ် - ထီးခီးလမ်းပိုင်းမှာ အခုလ အစောပိုင်းကတည်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့က ဘဝပင်ကျေးရွာထဲကိုဝင်ရောက်ပြီး ဒေသခံတွေကို ကျေးရွာဘုန်းတော်ကြီး ကျောင်းထဲမှာ ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
အင်အား ၁၈၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထဲမှာ နယ်မြေခံတပ်ရင်းဖြစ်တဲ့ အမှတ် - ၄၀၁၊ ၄၀၂ နဲ့တခြား ပူးပေါင်းတပ်ဖွဲ့တွေပါဝင်ပြီး အဲဒီကျေးရွာအတွင်းမှာ ဒီနေ့ စက်တင်ဘာ ၉ ရက်အထိ တပ်စွဲထားတယ်လို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
"အခုထိပြန်မလွတ်သေးဘူး။ ဖမ်းတဲ့အထဲမှာ ရွာသားတွေအပြင် တခြားရွာကလာတဲ့ စစ်ဘေးရှောင်တွေပါ အဖမ်းခံရတာ။ ကလေးငယ်တွေရော၊ လူကြီးတွေရောပါတယ်။ ရွာသားတွေကို ဓားစာခံ လုပ်ထားတာ။ သူတို့က ထားဝယ် - ထီးခီးလမ်းပိုင်းမှာ ကော်သူးလေး တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတဲ့ စစ်ကြောင်းတစ်ခု ရှိသေးတယ်။ အဲဒီ စစ်ကြောင်း ပေါင်းဖို့လုပ်နေတာ။ ကျွန်တော်တို့ဘက်က ပစ်ခတ်ရင် ရွာသားတွေကို သတ်ပစ်မယ်ဆိုပြီး ပြောထားတယ်"
ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ထားဝယ် - ထီးခီးနယ်စပ် ကော်သူးလေး တပ်မတော်အထိုင်ချထားတဲ့ နေရာတစ်လျှောက် မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေအနေနဲ့ လမ်းပိုင်းအသုံးပြုမှုကို ရပ်တန့်ကြဖို့ လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။