မောင်တောမှာ တိုက်ပွဲကြောင့် ဒေသခံ ရှစ်ရာကျော် မြို့ပေါ်ထွက်ပြေးရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံရှစ်ရာကျော် မောင်တောမြို့ပေါ်ကို ထွက်ပြေးလာကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ဒီကနေ့ပြောပါတယ်။

ခမောင်းဆိပ်၊ ရန်အောင်ပြင်၊ မီးတိုက်အပါအဝင် ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံတွေ ထွက်ပြေးလာကြတာဖြစ်ပြီး မောင်တောမြို့ သာသနာ့ဗိမာန်၊ အောင်ဗလဘုန်းကြီးကျောင်း အပါအဝင် နီးစပ်ရာ ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့လည်း ဆိုပါတယ်။

ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဂျက် တိုက်လေယာဉ်နဲ့ပါ ပစ်ခတ်တာကြောင့် ထွက်ပြေးလာတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပြီးခဲ့တဲ့လကတည်းက နည်းနည်း နည်းနည်း ထွက်ပြေးနေကြတာ။ အခုရက်ပိုင်းက ပိုများလာတာပေါ့။ အခုဆိုရင် မောင်တောမြို့ပေါ်မှာတင် ရှစ်ရာကျော်သွားပြီ။ တခြား နီးစပ်ရာတွေမှာလည်း ခိုလှုံနေကြတယ်။ အဓိကတော့ လက်နက်ကြီးတွေ၊ လေယာဉ် လက်နက်တွေ ရွာအနားမှာ ကျတယ်။ အဲဒါကြောင့် မနေနရဲကြတော့လို့ ပြေးလာ ကြတာပေါ့"

စစ်ဘေးဒုက္ခသည်တွေကတော့ လက်ရှိ ဖြစ်သလိုနေထိုင်နေကြရပြီး အထောက်အပံ့တွေ မရရင် အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့လည်း ကူညီ ပေးနေသူတွေက ပြောပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်နေတာပါ။

စက်တင်ဘာ ၁၀ ရက်နေ့ကလည်း မောင်တောမြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ် ခမရ (၃၅၂) ရဲ့ စခန်းကုန်း တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်သား လေးဦးနဲ့ လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိတယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။