မိုဆိုရွာမှာ လူအစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိထားကြောင်းKNDF ထုတ်ပြန်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.12.05
မိုဆိုရွာမှာ လူအစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိထားကြောင်းKNDF ထုတ်ပြန် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာမှာ လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုမှတ်တမ်း။
Photo: RFA

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်မ(၆၆) လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူ အခြေစိုက်တပ်ရင်းက တပ်ကြပ်ကြီး အပါအဝင် လေးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။

အဲဒီတပ်ဖွဲ့နဲ့ KNDF တပ်တို့ ဒီဇင်ဘာ ၃ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ဝကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်တွေလည်း KNDF ဘက်က သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးကို အရှင်ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  

317833327_232738835742649_8920028298124226198_n.jpg
KNDF ဖမ်းဆီးရမိထားသော စစ်ကောင်စီ တပ်မ(၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်သားများ။ (Photo: KNDF)

အဲဒီလေးဦးကို စစ်ဆေးမေးမြန်းချက်အရ မိုဆိုရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ တပ်မ(၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းက ပါဝင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာမှာ လူ ၃၅ ယောက်ထက်မနည်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှုကို ထိတ်လန့်တုန်လှုပ်စရာ ကောင်းတဲ့လုပ်ရပ်အဖြစ် နိုင်ငံတကာက ရှုတ်ချခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

FrusoMassMurder 24Dec2021-1.jpg
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က မိုဆိုရွာမှာ လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုမှတ်တမ်း။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ ဒီသတ်ဖြတ်မှုကို စစ်ကောင်စီဘက်က ကျူးလွန်တဲ့ အထောက်အထားတွေရထားတယ်လို့ ပြောထားပြီး နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲနိုင်ဖို့ အထောက်အထားတွေ ရှာနေပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ တပ်သားတွေကို ဖမ်းဆီးရမိထားတယ်ဆိုတဲ့ KNDF ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးလို့မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။