ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြို့မဈေးကို စက်တင်ဘာ ၅ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်က မိုင်းရှင်းလင်းရေးလုပ်မယ်ဆိုတဲ့အတွက် ဆိုင်ပိုင်ရှင်တွေ ပစ္စည်းတွေ ရွှေ့ပြောင်းတာတွေ ရှိနေတယ်လို့ မြောက်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။
မနက်ပိုင်းမှာ မြောက်ဦးမြို့မဈေးကြီးကို မိုင်းရှင်းလင်းရေးလုပ်မယ်လို့ စစ်ကောင်စီတပ်တွေက ပြောလာတဲ့အတွက် နေ့လယ် ၁၁ နာရီလောက်ကစလို့ ဈေးဆိုင်တွေ ပစ္စည်းတွေ ရွှေ့ပြောင်းပြီး ပိတ်ထားရတယ်လို့ မြောက်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
"မနက်ကတည်းက စစ်တပ်က ဈေးကိုလာပြီး မိုင်းရှင်းလင်းရေးလုပ်မယ်ဆိုပြီး အကုန်လုံးဖယ်ခိုင်းတာပဲ။ ၁၁ နာရီလောက်ကတည်းက ပိတ်ထားလိုက်ပြီ။ တချို့က စိုးရိမ်စိတ်တွေကြောင့် ဈေးဆိုင်မှာ ရှိတဲ့ပစ္စည်းတွေ တခြားနေရာတွေ ရွှေ့ကြတာပဲ။ မပြောင်းလိုက်ရတဲ့သူတွေလည်း ရှိတယ်"
စစ်ကောင်စီတပ်သားတွေက မိုင်းရှင်းလင်းရေးလုပ်မယ်လို့ ပြောပေမဲ့ ဒေသခံတွေအနေနဲ့ ဘယ်နေရာမှာ၊ ဘာအတွက်လုပ်မယ်ဆိုတာလည်း မသိကြရပါဘူး။
ဒီအတွက် မြောက်ဦးမြို့မဈေးကြီး ဆိုင်ခန်းတွေဟာ ပစ္စည်းတွေ ထုပ်ပိုးသိမ်းဆည်းပြီး ဈေးကနေ ရွှေ့ထားရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ညနေပိုင်းအထိ ဈေးထဲ ဝင်ရောက်နေတာ မရှိသေးပေမယ့် ညပိုင်းမှ ဝင်ရောက်လာမယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လွန်ခဲ့တဲ့ သုံးရက်လောက်ကစပြီး မြောက်ဦးမြို့မဈေးအနီးမှာ လှုပ်ရှားသွားလာမှုတွေ ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ ခြေမြန်တပ်ရင်း ခမရ ၃၇၇၊ ခမရ ၃၇၈ နဲ့ ခမရ ၅၄၀ တို့က ဖြစ်ပြီး အင်အား ၅၀ ခန့်ရှိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေဟာလည်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ ပြန်လည်ဖြစ်ပွားနေပြီး တစ်ကျော့ပြန် စစ်ပွဲကြောင့် ဒေသခံ ၁၆ဝဝဝ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။