ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ဦးဖြစ်စဉ်ပြီးနောက် ၃ ရက်အကြာမှာ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်ကို ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရုံး လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် ပြောင်းလဲခန့်ထားလိုက်ပါတယ်။
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး အပြောင်းအလဲဖြစ်တာမှန်ပေမယ့် မြောက်ဦးဖြစ်စဉ်ကြောင့် ပြောင်းလဲလိုက်တာ ဟုတ်၊ မဟုတ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ရခိုင်ပြည်နယ်၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်က ပြောပါတယ်။
"ဟုတ်ကဲ့။ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး အပြောင်းအလဲဖြစ်တာတော့ မှန်ပါတယ်ခင်ဗျ။ အဲ့ဒီဟာတော့ ကျနော်လည်း မသိရပါဘူးခင်ဗျ။ ကျနော်တို့လည်း အုပ်ချုပ်ရေးမှူး ပြောင်းတယ်ဆိုတာလောက်ပဲ သိတာပါဗျ။ ကျနော်တို့လည်း အတွင်းကျကျ မသိရတော့ ဖြေဖို့က နည်းနည်းခက်ပါတယ်"
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးတာဝန်ကနေ ပြည်နယ်ရုံး လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရတဲ့ ဦးဘိုဘိုမင်းသိုက်ကို RFA ကဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေကြားဖို့ မအားသေးကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
လစ်လပ်သွားတဲ့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနေရာကို ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမောင်သာစိန်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ၁၉ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားစာ ထုတ်ပြန်ထားပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိပြီး ပြည်နယ်အဆင့် ညွှန်ကြားရေး မှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးတွေဟာ မြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးနဲ့ တန်းတူညီတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့ နန်းတော်ရာကုန်းမှာ ၂၃၃ နှစ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြသူတွေကို ရဲက သေနတ်နဲ့ ပတ်ခတ်ခဲ့တာကြောင့် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားစာအရ အုပ်ချုပ်ရေးမှူးအပြောင်းအလဲမှာ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးနေရာလည်း ပါဝင်ခဲ့ပါတယ်။