မူဆယ် KBZ ဘဏ်ခွဲ (၃) ပစ်ခတ်ခံရပြီး အရပ်သားတစ်ဦးနဲ့ ပြည်သူ့စစ်နှစ်ဦးသေဆုံး

2022.09.13
မူဆယ် KBZ ဘဏ်ခွဲ (၃) ပစ်ခတ်ခံရပြီး အရပ်သားတစ်ဦးနဲ့ ပြည်သူ့စစ်နှစ်ဦးသေဆုံး ပစ်ခတ်ခံရသည့် မူဆယ်မြို့ ကမ္ဘောဇဘဏ်ခွဲ(၃) အပျက်အစီးများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ သိန်းသန်းချီ ကားကြီးကွင်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (၃) ကို စက်တင်ဘာလ ၁၃ ရက် ဒီနေ့ နေ့လယ်ပိုင်း လက်နက်ကိုင်ထားသူအချို့ လာရောက် ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦးအပါအဝင် ဘဏ်ရှေ့မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ပြည်သူ့စစ်နှစ်ဦး စုစုပေါင်းသုံးဦး သေဆုံးသွားတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

မော်တော်ဆိုင်ကယ်နဲ့ ဘဏ်ရှေ့ကနေ လာပစ်သွားတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မူဆယ် ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“နေ့လယ် နှစ်နာရီလောက်က ဖြစ်တာဗျ။ ကြည့်ရတာ ဘဏ်အရှေ့က ပြည်သူ့စစ် တွေကို လာပစ်တာလားတော့ မသိဘူး။ သေတဲ့သူက ပြည်သူ့စစ်လည်းပါတယ်။ အရပ်သားတွေ လည်းပါတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်။ အမျိုးသားတွေပဲ အားလုံးက”

သေဆုံးတဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ လက်မောင်းမှာ ဘတ်တံဆိပ်တွေမပါတဲ့အတွက် ဘယ်အဖွဲ့ကဆိုတာကို တိတိကျကျ မသိရဘူးလို့ဆိုပါတယ်။

အရပ်သားနှစ်ဦးထဲက တစ်ဦးကတော့ နေရာမှာပဲ သေဆုံးခဲ့သလို နောက်တစ်ဦးကတော့ ဝမ်းဗိုက်မှာ ကျည်ဆံထိမှန်ပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံကပြောပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို မူဆယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း လှုပ်ရှားတဲ့ မြို့ဖြစ်ပါတယ်။

အခုလို ပြည်သူ့စစ်တပ်ဖွဲ့တွေ မကြာခဏပစ်ခတ်ခံရတာ ဗုံးခွဲတိုက်ခိုက်ခံရတာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကလည်း မူဆယ်မြို့ အမှတ် (၁) ဈေး မီးပွိုင့်အနီးက ယာဉ်ထိန်းရဲကင်း နေရာမှာ ဗုံပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်ထိန်းရဲတစ်ဦး၊ ပြည်သူ့စစ်သုံးဦးနဲ့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့မှာလည်း မူဆယ်မြို့ မင်္ဂလာမူဆယ်လမ်းကြီးပေါ်မှာ ဗုံးနှစ်ကြိမ် ပေါက်ကွဲလို့ လမ်းသွားနေတဲ့ အရပ်သားတစ်ဦး ထိခိုက်ခဲ့သလို ဇူလိုင်၂၅ ရက်နေ့ကလည်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်နဲ့ ကောင်းမှုတုံ ဂိမ်းဆိုင်အနီးမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့လို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။