စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တင်ဘာ ၃ ရက် ညပိုင်းမှာ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံသုံးထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ မြောင်မြို့နယ် ဒေသခံတွေက RFA ကို ပြောပါတယ်။
ကင်းရွာ၊ ဘူးကိုင်း၊ ဆယ်ရွာ၊ ခေါင်းခွဲရွာ၊ ဆင်မင်း၊ မယ်မသော်၊ သောင်ကြီး၊ နဘက်၊ ပန်းညို နဲ့ မင်းလှ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မြောင်မြို့နယ်ထဲက ပြည်သူတွေကတော့ တောင်ပြေးလိုက်၊ မြောက်ပြေးလိုက်ပါပဲ။ ကင်းရွာ၊ ဘူးကိုင်း၊ ဆယ်ရွာ၊ ခေါင်းခွဲရွာ၊ ဆင်မင်း၊ မယ်မသော်၊ တောင်ဘက်မှာဆိုရင် ပန်းညို၊ မင်းလှတို့ အဲဒီဘက်တွေလည်း စစ်ဘေးရှောင်ရှိနေတယ်။ ခန့်မှန်းခြေ ၁၀ ရွာနီးပါးလောက်ရှိမယ်။ ရွာလုံးကျွတ်ပြေးရတာပဲ"
လတ်တလော မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ကောင်စီတပ်တွေကို ကြောက်တဲ့အတွက် အခုလို ထွက်ပြေးနေတာလို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်ကလည်း စစ်ကောာင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည် တစ်လုံး မြောင်မြို့နယ်၊ ဇီးကုန်းကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကတော့ သူ့အနေနဲ့ အရပ်သားတွေ စစ်ဘေးရှောင်ရင်း အခက်အခဲဖြစ်နေတာတွေကို မသိသလို စစ်ရေး အခြေအနေတွေကိုလည်း မသိဘူးလို့ ဒီကနေ့ စက်တင်ဘာ ၅ ရက်မှာ RFA ကို ပြောပါတယ်။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar ) ရဲ့ စက်တင်ဘာ ၂ရက်က ထုတ်ပြန်တဲ့စာရင်းအရ စစ်အာဏာသိမ်းပြီး နောက် စစ်ကိုင်းတိုင်းအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၅၃၃,၈၃၃ ဦးထက်မနည်း ရှိနေပါတယ်။