စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ညောင်ကားယားရွာကို အောက်တိုဘာလ ၈ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့လို့နေအိမ်၁၂ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနက် ၁၁ နာရီဝန်းကျင်မှာ ညောင်ကားယားရွာကို စစ်ကြောင်း နှစ်ကြောင်းနဲ့ ဝင်ရောက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ညောင်ကားယားရွာရဲ့ တောင်ဘက်ကနေ ဝင်တယ်။ ဝင်ပြီးသိပ်မကြာဘူး မီးရှို့တယ်။ မီးရှို့ပြီး နှစ်နာရီလောက်နေပြီး ပြန်ထွက်တယ်။ သူတို့ ပြန်ထွက်တာနဲ့ ကျနော်တို့ အဖွဲ့တွေက ချက်ချင်းဝင်ပြီး မီးငြှိမ်း၊ မိုင်းတွေဘာတွေ စစ်ပေးတယ်။ လောလောဆယ် ကျနော်တို့ ငြှိမ်းနေတဲ့အချိန်အတွင်း ရေထားတာ ၁၂ အိမ်တော့ရှိတယ်"
ညောင်ကားယားရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး လူဦးရေ ၈၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းမှာ ဖျက်ဆီးခံရတဲ့ အရပ်သားပိုင် နေအိမ်၊ အဆောက်အအုံပေါင်း နှစ်သောင်းရှစ်ထောင်ကျော်ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။