ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ပြည့်လျှံအောင်က မြန်မာနိုင်ငံကို မပြန်တော့ဘဲ ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်ရဖို့ ဆန္ဒရှိတယ်လို့ ပြောတဲ့အကြောင်း ဂျပန်သတင်းဌာနတခုဖြစ်တဲ့ Nikkei Asia မှာ မနေ့က ဖော်ပြပါတယ်။
မြန်မာအသင်းရဲ့ အရန်ဂိုးသမား ပြည့်လျှံအောင်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဂျပန်အသင်းနဲ့ ခြေစစ်ပွဲကစားတဲ့အခါ We Need Justice ငါတို့လိုတာ တရားမျှတမှုလို့ အင်္ဂလိပ်လို ရေးထားတဲ့ သူ့ရဲ့လက်သုံးချောင်းကို ထောင်ပြခဲ့တဲ့သူပါ။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုမှာ လက်သုံးချောင်းထောင်တဲ့သင်္ကေတကို သုံးကြပါတယ်။
အဲဒီလို လက်သုံးချောင်းထောင်လို့ အဖမ်းခံရတဲ့သူတွေလည်း ရှိနေပါတယ်။ ဂိုးသမား ပြည့်လျှံအောင်ဟာ ခြေစစ်ပွဲပြီးလို့ မြန်မာအသင်းနဲ့အတူ Kansai နိုင်ငံတကာလေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်ရမှာဖြစ်ပေမယ့်လည်း အသင်းနဲ့မလိုက်ဘဲ ဥပဒေရေးရာ အကြံပေးတွေနဲ့တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်ညိမ်မှုတွေရှိ နေလို့ နေရပ်မပြန်ချင်တဲ့ မြန်မာနိုင်ငံသားတွေကို နေထိုင်ခွင့်တိုးပေးဖို့ ရှိတယ်လို့ ဂျပန်အစိုးရက မေလ ၂၈ ရက်နေ့မှာ ကြေညာထားပါတယ်။