စစ်ကောင်စီကို လက်နက်၊ လောင်စာဆီနဲ့ ငွေကြေးစီးဆင်းမှုတွေပိတ်ဆို့ဖို့ ကုလမင်းကြီးတိုက်တွန်း
2024.03.01

ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေအပေါ် လူမဆန်ရက်စက်မှုတွေ ကျူးလွန်နေတာကို တားဆီးဖို့အတွက် စစ်ကောင်စီကို လက်နက်၊ လေယာဉ်လောင်စာဆီနဲ့ နိုင်ငံခြားငွေသုံးစွဲခွင့်တွေ ရယူနိုင်ခြင်းမရှိအောင် ကန့်သတ်ပိတ်ဆို့ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
မတ်လ ၁ ရက်နေ့ မနေ့က ဂျနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ သူက တိုက်တွန်းလိုက်တာပါ။
စစ်တပ်အာဏာသိမ်းခဲ့ပြီး သုံးနှစ်အကြာမှာ မြန်မာပြည်သူလူထုတစ်ရပ်လုံး မဆုံးနိုင်တဲ့ဒုက္ခဆင်းရဲတွေကို ခံစားနေကြရပြီဖြစ်တဲ့အတွက် မြန်မာ့အရေးကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အာရုံစိုက်ဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း ပြောခဲ့ပါတယ်။
ဒါ့အပြင် အခုဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေဟာ မြန်မာနိုင်ငံအတွင်းရှိ ဒေသအားလုံးနီးပါးကို ပျံ့နှံ့ရောက်ရှိနေပြီး မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီနေ့အထိ အမျိုးသမီး ၆ဝဝ ကျော်နဲ့ ကလေးသူငယ် ၅ဝဝ နီးပါးအပါအဝင် အရပ်သားပြည်သူ ၄၆ဝဝ ကျော် ကို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ခိုင်လုံစွာရရှိထားတယ်လို့လည်း သူက ပြောပါတယ်။
စစ်အာဏာရှင်တွေဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားသလို ခွဲခြားဆက်ဆံတာ၊ အတင်းအကျပ်နေရာရွှေ့ပြောင်းတာအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပါ ကျူးလွန်ခဲ့ပြီး ရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ သူတို့ကို ပိတ်လှောင်ထားတယ်လို့လည်း ဆိုပါတယ်။
တဆက်တည်းမှာပဲ မြန်မာပြည်တွင်းကနေ ရာနဲ့ချီ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဝင်ရောက်ဖို့ကြိုးပမ်းခဲ့ရာမှာ တားဆီးခံထားရတယ်လို့ ယုံကြည်လောက်တဲ့ အစီရင်ခံစာတွေ လက်ခံရရှိထားတဲ့အကြောင်းလည်း သူက ပြောခဲ့ပါတယ်။
မြန်မာပြည်တွင်း ပဋိပက္ခတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကနေ ထွက်ပြေးလာသူတွေကို ကူညီကာကွယ်ပေးကြဖို့လည်း ကုလအဖွဲ့ဝင် နိုင်ငံအားလုံးကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။