မြန်မာလုပ်ငန်းရှင်ကို သတ်သွားတဲ့တရားခံတွေကို ဖမ်းဆီးနိုင်ရေး ထိုင်းရဲ ကြိုးပမ်းနေ

ဘန်ကောက်မြို့က ကွန်ဒိုတိုက်ခန်းတစ်ခန်းမှာ မြန်မာလုပ်ငန်းရှင်တစ်ဦးကိုသတ်ပြီး ဘတ်ငွေ ငါးသန်းခန့် ခိုးယူသွားတယ်လို့ သံသယရှိသူ ကင်မရွန်းနိုင်ငံသား နှစ်ဦးဟာ စင်ကာပူနိုင်ငံကို ထွက်ပြေးသွားတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က အင်တာပိုရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက် ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။
အမည်ဖော်ပြမထားတဲ့ အသက် ၅၀ အရွယ် မြန်မာလုပ်ငန်းရှင်ဟာ ဘန်ကောက်မြို့ ဆူခူဗစ်ရပ်ကွက်က ကွန်ဒိုရဲ့ ၂၃ ထပ်တိုက်ခန်းမှာ ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကို တွေ့ရပြီး သံသယရှိသူ ကင်မရွန်းနိုင်ငံသား နှစ်ဦးကိုဖမ်းဆီးဖို့ အင်တာပိုနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
ဒီအမှုမှာ မျက်မြင်သက်သေဖြစ်တဲ့ မြန်မာလုပ်ငန်းရှင်ရဲ့ မွေးစားမိခင် အမျိုးသမီးက ဒီကင်မရွန်းနိုင်ငံသား နှစ်ဦးဟာ သူ့ကိုမေ့မြောသွားတဲ့အထိ လည်ပင်းညှစ်ခဲ့ပြီးထားခဲ့တာလို့ ထိုင်းရဲတွေကို စကားပြန်ကနေတစ်ဆင့် ပြောပြခဲ့ပါတယ်။ ကွန်ဒိုရဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ ဒီတိုက်ခန်းထဲကို မြန်မာလုပ်ငန်းရှင်နဲ့ မျက်မြင်သက်သေ အမျိုးသမီးတို့အပြင် ကင်မရွန်းနိုင်ငံသား နှစ်ဦးပဲဝင်ထွက်တာ တွေ့ခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဂျွန်နဲ့ ဝီလျံလို့ခေါ်တဲ့ ကင်မရွန်းနိုင်ငံသား နှစ်ဦးဟာ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေအဖြစ် ဝင်ရောက်လာခဲ့ပြီး ဆသွန်ခရိုင်က တိုက်ခန်းတစ်ခန်းမှာ နေထိုင်ခဲ့ကာ မနေ့က သူတို့နှစ်ဦးကို မြန်မာလုပ်ငန်းရှင်နေထိုင်တဲ့ ဘန်ကောက်မြို့ ဆူခူဗစ်ရပ်ကွက်မှာ တွေ့ရပြီးနောက် ဒွန်မောင်း လေဆိပ်ကနေ စင်ကာပူနိုင်ငံကိုထွက်ခွာခဲ့တာလို့ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားတဲ့တိုက်ခန်းကို စစ်ဆေးရာမှာ ခရီးဆောင်အိတ် နှစ်လုံးတွေ့ရပြီး တစ်လုံးမှာ ငွေစက္ကူအတုအဖြစ် လိမ်လည်တဲ့လုပ်ငန်းတွေမှာသုံးတဲ့ ဓာတုဆေးအမှုန့်တွေ၊ ငွေစက္ကူနဲ့အရွယ်တူ စက္ကူတွေ တွေ့ရတယ်လို့ ထိုင်းရဲတွေက ဆိုပါတယ်။
သေဆုံးသွားတဲ့ မြန်မာလုပ်ငန်းရှင်ဟာ ထိုင်းနိုင်ငံကို မကြာခဏ လာရောက်သူဖြစ်ပြီး အဲဒီကွန်ဒိုတိုက်ခန်းမှာ ဖေဖော်ဝါရီလ ၇ ရက်ကတည်းက နေထိုင်ခဲ့တာဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ အခြားအမျိုးသမီးရဲ့ ထွက်ဆိုချက်တွေကိုလည်း ထပ်မံစစ်ဆေးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။