ပြည်သူတွေရဲ့ အသက်ကို အမြန်ဆုံးကယ်ဖို့ နိုင်ငံရေးခေါင်းဆောင်တွေကို ဥရောပ ၁၆ ဖွဲ့ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နာရီနဲ့အမျှ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် ဖြစ်နိုင်တာတွေအားလုံး ကူညီထောက်ပံ့ကြဖို့ မြန်မာပြည်အတွက် ဆောင်ရွက်နေတဲ့ ဥရောပ နိုင်ငံတွေက အဖွဲ့ ၁၆ ဖွဲ့က နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးကို မနေ့က သြဂုတ်လ ၂ ရက်နေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ခြောက်လအကြာမှာ အကြမ်းဖက်မှုတွေ ရင်ဆိုင်ရတဲ့အပြင် တဟုန်ထိုးပျံ့နှံ့လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အကြီးအကျယ် အတိဒုက္ခရောက်တော့မယ်လို့လည်း သတိပေးလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကယားပြည်နယ်မှသည် ပဲခူးတိုင်း၊ အရှေ့ခြမ်းထိ နယ်မြေမှာ ပြည်သူတွေ ထွက်ပြေးနေရသလို နေ့စဉ် ကိုဗစ်လူနာတစ်ရာကျော် တွေ့နေရပြီး၊ ကချင်ပြည်နယ်မှသည် မန္တလေး၊ ရန်ကုန်အထိမှာလည်း ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အဖမ်းခံရမယ့် အန္တရာယ်ရင်ဆိုင်နေရတယ်လို့ ၁၆ ဖွဲ့က ပြောပါတယ်။

အဲဒီအပြင် မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရတဲ့သူ စုစုပေါင်းရဲ့ ၆ဝ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့တစ်လထဲမှာကို ဖြစ်ပျက်ခဲ့တာလို့ ထောက်ပြပါတယ်။

နော်ဝေနိုင်ငံက ဒုက္ခသည်ကူညီရေးအဖွဲ့ဖြစ်တဲ့ Norwegian Refugee Council ရဲ့ မြန်မာပြည်ဆိုင်ရာ တာဝန်ခံ Laura Marshall က- သူတို့ ကူညီနေတဲ့ ဒေသတွေမှာ လူတွေ ကူရာကယ်ရာမဲ့ဖြစ်ပြီး သေဆုံးနေတဲ့ အကြောင်းနဲ့ ကိုဗစ်တတိယလှိုင်းဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ဖြိုခွဲနေတဲ့ အကြောင်း၊ ပြည်သူတွေအနေနဲ့ နောက်ထပ် စိတ်ဒဏ်ရာတွေ ခံစားနေရတဲ့ အကြောင်း၊ ဒီလူတွေအတွက် ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် အကူအညီ အရေးတကြီး လိုအပ်နေတဲ့အကြောင်း ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ အသက်ကို ချက်ချင်းကယ်နိုင်ဖို့ လိုအပ်နေတဲ့ ဒီနေ့အချိန်မှာ လူဦးရေ ၅၄ သန်းကျော်အတွက် ကိုဗစ်ကာကွယ်ဆေးက ၃ ဒဿမ ၆ သန်းပဲ ရဖို့ မျှော်လင့်ရတယ်လို့လဲ ထောက်ပြပါတယ်။ ဒီလိုသတင်းပေးတဲ့ ၁၆ ဖွဲ့ကတော့ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်၊ ဗြိတိန်နိုင်ငံတွေက ဖြစ်ပြီး World Vision အဖွဲ့လည်း ပါဝင်ပါတယ်။