မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေစေ တဲ့အကြောင်းတွေကို ရပ်တန့်အောင် နိုင်ငံတကာက အရေးပေါ် ကူညီဆောင်ရွက်ဖို့ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က မနေ့က ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
Delta အမျိုးအစား ကိုဗစ်-၁၉ မျိုးကွဲ ဗိုင်းရပ်စ်ပိုး အပါအဝင် မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှုတွေ တဟုန်ထိုး တက်လာတာ၊ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တစ်ခုလုံး ပြိုလဲသွားတာနဲ့ စစ်တပ်က လုပ်ဆောင်နေတဲ့ အရာအားလုံးကို လူတွေက အယုံအကြည် မရှိတော့တာတွေဟာ အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။ နိုင်ငံတကာက အရေးပေါ် ဝင်ရောက် ကူညီဆောင်ရွက်မှု မရှိရင် လူ့အသက်ပေါင်းများစွာ ဆက်ပြီး ဆုံးရှုံးရပါလိမ့်မယ်လို့Tom Andrewsက ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ကောင်းနိုင်သမျှ အကောင်းဆုံးစောင့်ရှောက်မှုပေးတာဟာ လူသားအားလုံးအတွက် ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး ဖြစ်ပြီး မြန်မာနိုင်ငံမှာ အဲဒီအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေဟာ ဒီကပ်ရောဂါ အကြပ်အတည်းကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်၊ အစွမ်းအစနဲ့ အစိုးရတရပ်အဖြစ် တရားဝင်ဖြစ်မှု သုံးမျိုးစလုံး မရှိဘဲ ဖြစ်နေတယ်လို့လည်း Tom Andrews က ပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုရှိစေဖို့ အာဏာ သိမ်းစစ်တပ်နဲ့ မသက်ဆိုင်ဘဲ နိုင်ငံရေးရည်ရွယ်ချက်လည်း မပါဝင်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် ကာကွယ်ဆေးထိုးနှံတာနဲ့ ကိုဗစ်ရောဂါ ကာကွယ်ကုသရေး အစီအစဉ်တွေ စတင်သင့်တယ်လို့လည်း ပြောပါတယ်။
အာဏာမသိမ်းခင်က မြန်မာနိုင်ငံကို ကိုဗစ်ရောဂါတုံ့ပြန်ရေး လုပ်ဆောင်ဖို့ ပေးထားတဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ရဲ့ ရန်ပုံငွေ ဒေါ်လာသန်း ၃၅၀ ကို ဘယ်လို သုံးစွဲထားတယ်ဆိုတာလည်း အာဏာသိမ်း စစ်ကောင်စီက ချပြဖို့ Tom Andrewsက တောင်းဆိုလိုက်ပါတယ်။
အခုအချိန်မှာ ရောဂါကူးစက်ခံရသူတွေအတွက် အရေးပေါ် လိုအပ်နေတဲ့ အောက်ဆီဂျင်ကို လုံလုံလောက် လောက် ပေးနိုင်စွမ်းမရှိဘဲ ဖြစ်နေပြီး မြန်မာပြည်သူတွေဟာ ယုံကြည်မှုနဲ့ ကျန်းမာရေးဆိုင်ရာအရင်း အမြစ်တွေ မရှိတာတွေကြောင့် အသက်သေဆုံး နေရတယ်လို့လည်း သူက ပြောပါတယ်။
အကျဉ်းသားဦးရေ ထူထပ်စွာ ရှိတဲ့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေရဲ့အခြေအနေကြောင့် အာဏာသိမ်း ပြီးကတည်းက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ထောင်နဲ့ ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ရောဂါ ကူးစက်ခံရနိုင်တဲ့ အခြေအနေကို အထူး စိုးရိမ်မိကြောင်းနဲ့ ဒါဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေကို သေဒဏ်ပေးတဲ့သဘော ဖြစ်နေကြောင်း Tom Andrewsက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဒီဗိုင်းရပ်စ်ပိုးကို အမြောက်အမြား ဖြန့်ဖြူးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်မလာခင်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ အားလုံး ပူးပေါင်းပြီး လိုအပ်နေတဲ့ အကူအညီတွေ ပေးသင့်ကြောင်း နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် သြဇာ လွှမ်းမိုးမှု ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း အချိန်မဖြုန်းဘဲ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုရအောင် လုပ်သင့်တယ်လို့လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က မနေ့ကပဲ တိုက်တွန်းလိုက်ပါတယ်။