စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ၂၃ ရက်နေ့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ကို သေဒဏ်ချမှတ်ခဲ့တာက မြန်မာနိုင်ငံရဲ့ ၃၄ နှစ်ကြာ သေဒဏ်ဆိုင်းငံ့ထားတဲ့ ဂုဏ်ယူစရာ သမိုင်းကြောင်းကို ပျက်သုဉ်းစေခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက သူတို့ ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ အောက်တိုဘာ ၉ ရက်နေ့မှာ ဖော်ပြခဲ့ ပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီ၊ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်၊ ဦးအောင် သူရဇော်နဲ့ ဦးလှမျိုးအောင် တို့ကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်ကောင်စီက ကွပ်မျက်ခဲ့တာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ သေဒဏ် ဆန့်ကျင်ရေးနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံရုံးက အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ အသက်ရှင်သန်နေထိုင်ခွင့်ကို ချိုးဖောက်တဲ့ ပြင်းထန်ရက်စက်ပြီး လူမဆန်တဲ့ ပြစ်ဒဏ် စီရင်ချက်တွေကို အချိန်အခါတိုင်း၊ အခြေအနေအရပ်ရပ်တိုင်းမှာ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ သေဒဏ်စီရင်ချက်ဟာ မြန်မာနိုင်ငံရဲ့ ၃၄ နှစ်ကြာ သေဒဏ်ဆိုင်းငံ့ထားတဲ့ သမိုင်းကြောင်းကို သာမက တရားဥပဒေစိုးမိုးရေးကိုပါ ပိုပြီး ပျက်ယွင်းစေခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံရုံးက ဖော်ပြပါတယ်။
အခုလို သေဒဏ်ချမှတ်တာကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာတစ်ဝန်း သေဒဏ်ကွပ်မျက် စီရင်တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံ ထဲမှာ ပါဝင်လာခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ သေဒဏ်စီရင်ချက်ဟာ ကမ္ဘာအနှံ့ ထင်ရှားစွာလုပ်ဆောင်နေတဲ့ သေဒဏ် ဖျက်သိမ်းရေးကို ဆန့်ကျင်နေတယ်လို့လည်း အီးယူသံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။