မြန်မာမှာ ရွေးကောက်ပွဲကျင်းပဖို့ အချိန်မတန်သေးဘူးလို့ အမေရိကန်ပြော

2022.10.15
Share on WhatsApp
Share on WhatsApp
မြန်မာမှာ ရွေးကောက်ပွဲကျင်းပဖို့ အချိန်မတန်သေးဘူးလို့ အမေရိကန်ပြော ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ရန်ကုန်ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲများရေတွက်နေစဉ်။
Photo : Reuters

မြန်မာနိုင်ငံမှာ နောက်ထပ်ရွေးကောက်ပွဲကျင်းပဖို့ အချိန်မတန်သေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စမယ်လီဇာဘရောင်း (Melissa Brown) ကပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ဒီအချိန်မှာ ရွေးကောက်ပွဲထပ်လုပ်မယ်ဆိုရင် ဆူပူမငြိမ်မသက်တာတွေ ပိုတိုးလာနိုင်တယ်လို့ မလေးရှားနိုင်ငံကို ရောက်နေတဲ့ မစ္စဘရောင်းက သတင်းထောက်တွေနဲ့ မနေ့က တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ကတော့ လာမယ့် ၂ဝ၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ပြောဆိုထားပြီး၊ အဲ့ဒီအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်နေပါတယ်။

ဒီအချိန် မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲကို အမေရိကန်က မထောက်ခံသလို အဲဒီ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူးလို့လည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ ဒီမိုကရေစီလမ်းကြောင်း ပြန်ရောက်ရေးကို အမေရိကန်က ထောက်ခံနေပြီး၊ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို လွှတ်ပေးဖို့လည်း သူက ထပ်မံတောင်းဆိုခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက "ကျွန်တော်တို့ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်" လို့ အောက်တိုဘာလ ၁၁ ရက်နေ့ကလုပ်တဲ့ NUG အစိုးရအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။