သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေ

၂၀၁၇ ခုနှစ်က ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့မှာ သတင်းသမားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။
၂၀၁၇ ခုနှစ်က ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့မှာ သတင်းသမားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ ((Photo:Reuters))

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက်သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ က နိုဝင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးဝါးဆုံးနိုင်ငံ ၁၁ နိုင်ငံထဲမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အနေနဲ့ ထည့်သွင်းဖော်ပြခံရပါတယ်။

နိုဝင်ဘာလ ၂ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ သတင်းသမားတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေခြင်းကိုရပ်တန့်ရေးနေ့” မတိုင်ခင် CPJ က ဒီစာရင်းကို ထုတ်ပြန်လိုက်တာပါ။

CPJ ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏသိမ်းပြီးနောက် အသက်ဆုံးရှုံးခဲ့တဲ့ သတင်းသမားလေးယောက်ရှိပါတယ်။ အဲဒီထဲမှာ စစ်ကောင်စီက ဖမ်းဆီးထားစဉ်မှာ သေဆုံးခဲ့တဲ့ ဓာတ်ပုံဆရာ ကိုစိုးနိုင်၊ ကိုအေးကျော်နဲ့ ပူးသွီဒင်းအပြင် ထွက်ပြေးတိမ်းရှောင်ရင်း စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ သတင်းသမား ကိုအေစိုင်းကေ(ခ)ကိုစိုင်းဝင်းအောင်တို့ ပါဝင်ပါတယ်။

Journalist Funeral.jpg
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ သတင်းသမား ကိုအေစိုင်းကေကို မြေမြုပ်ဖို့ပြင်ဆင်နေခဲ့စဉ်။ (Photo:Citizen journalist )

သတင်းထောက်တာဝန်ထမ်းဆောင်ရင်း ဒီသတင်းသမားလေးယောက် အသက်ဆုံးရှုံးရတယ် ဆိုတာဟာ မြန်မာပြည်သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို ထင်သာမြင်သာ ဖြစ်စေတယ်လို့ Delta News Agency ရဲ့ အယ်ဒီတာချုပ် ကိုစိုးရက ပြောပါတယ်။

“အာဏာသိမ်းစစ်အစိုးရလက်ထက်မှာ သိပ်မကြာခင်အချိန်အတွင်းမှာပဲ သတင်းသမားလေးယောက် အသက်ဆုံးရှုံးရတာက တော်တော့်ကို ထင်သာမြင်သာရှိတဲ့ အခြေအနေပဲ။ သူတို့တွေက ရာဇဝတ်မှုကျူးလွန်တာတွေမဟုတ်ဘဲ နိုင်ငံရဲ့စတုတ္ထမဏ္ဍိုင်တစ်ရပ်အနေနဲ့ သူတို့တာဝန်သူတို့ထမ်းဆောင်ရင်း အသက်ဆုံးရှုံးရတယ်ဆိုတာက တော်တော့်ကို ဆိုးဝါးတဲ့အခြေအနေပဲ။”

လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း Free Expression Myanmar –FEM က သတင်းသမားတွေအပေါ် စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်အောင် ဆောင်ရွက်ဖို့ နိုင်ငံတကာတာဝန်ရှိသူတွေကို နိုဝင်ဘာလ ၂ရက်နေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီက သတင်းရယူနေတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာ၊ ရိုက်နှက်တာ၊ ခြိမ်းခြောက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ကျူးလွန်တာတွေရှိတယ်လို့ FEM ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီကိစ္စတွေကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြည်တွင်းတရားစီရင်ရေးစနစ်ကနေ အရေးယူလို့မရတော့တဲ့အတွက် နိုင်ငံတကာယန္တရားတွေ၊ တရားရုံးတွေကနေ အရေးယူပေးဖို့ တောင်းဆိုတာလို့ ဆိုပါတယ်။

2017-06-30T100122Z_462965761_RC1E71FDE450_RTRMADP_3_MYANMAR-MILITARY-JOURNALISTS.JPG
Reporters protest as they call on Myanmar government and military authorities to release reporters who were arrested in Yangon ၂၀၁၇ ခုနှစ်က ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့မှာ သတင်းသမားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ (Photo:Reuters) (SOE ZEYA TUN/REUTERS)

အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက သတင်းသမားတွေအပါအဝင် နိုင်ငံသားဘယ်သူမဆို ဥပဒေမဲ့ဖမ်းဆီးရိုက်နှက်ချုပ်နှောင်တာ၊ အသက်ဆုံးရှုံးတာ ကျူးလွန်ရင် ဥပဒေအရ အရေးယူခံရသင့်တယ်လို့ ပြောပါတယ်။

"သတင်းသမားမှမဟုတ်ပါဘူး နိုင်ငံသားဘယ်သူမဆို ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်တာမဟုတ်ဘဲ ဥပဒေမဲ့ဖမ်းဆီးရိုက်နှက်စစ်ဆေး၊ အဲဒီအခါမှာ လက်လွန်ခြေလွန်ဖြစ်ပြီး သေဆုံးရတယ်ဆိုတာဟာ ရာဇဝတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ အရ လူသတ်မှုပဲ၊ ဒါကို တခြားဘယ်လိုအကြောင်းပြချက်နဲ့မှ အကာအကွယ်ပေးလို့မရပါဘူး။ အလားတူ နိုင်ငံသားတစ်ဦးတစ်ယောက်ကို ဥပဒေနဲ့အညီ စစ်ဆေးစီရင်တာမဟုတ်ဘဲ ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းတာကလည်း မတရားချုပ်နှောင်မှု မြောက်သလို အဲဒီလိုကနေမှ လက်လွန်ခြေလွန်ဖြစ်ပြီးတော့ သေသွားတယ်၊ သို့မဟုတ် ယာယီ သို့မဟုတ် အမြဲတမ်း မသန်မစွမ်း ဖြစ်သွားတယ်ဆိုရင် ရာဇသတ်ကြီးဥပဒေနဲ့အညီ အရေးယူခံရနိုင်တဲ့ ပြစ်မှုတွေ ဖြစ်တယ်။ ဒါက ပြည်တွင်းဥပဒေအရပေါ့။ အလားတူပဲ ပြည်ပဥပဒေတွေအရ ဆိုရင်လည်း စစ်ဆင်ရေးနဲ့ပတ်သက်ခဲ့ရင် စစ်ရာဇဝတ်မှုမြောက်မှာပေါ့။"

လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ သတင်းမီဒီယာသမားတွေဟာ တည်ဆဲ သတင်းမီဒီယာဥပဒေနဲ့ အရေးယူခံရတာမဟုတ်ဘဲ တခြားရာဇသတ်ကြီးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းဆက်သွယ်ရေးဥပဒေပုဒ်မ၊ ပေါက်ကွဲစေတတ်တဲ့ လက်နက်ဥပဒေပုဒ်မတွေနဲ့ စွဲဆိုခံထားရတာဖြစ်ပါတယ်။

၂ဝ၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာအသက်ဆုံးရှုံးခဲ့တဲ့ သတင်းသမားလေးယောက်အပြင် အာဏာသိမ်းမတိုင်ခင်က အသတ်ခံရတဲ့ ငါးယောက် စုစုပေါင်းကိုးယောက်ကို FEM ရဲ့ ကြေညာချက်မှာ မှတ်တမ်းတင်ဖော်ပြထားပါတယ်။

စစ်တပ်က သတင်းသမားတွေကို အာဏာမသိမ်းခင်ကတည်းက ရန်သူလို သဘောထားခဲ့တာလို့ Delta News Agency ရဲ့ အယ်ဒီတာချုပ် ကိုစိုးရ က ဝေဖန်ပါတယ်။

“စစ်တပ်က အခုအာဏာသိမ်းပြီးမှ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက သူတို့က သတင်းမီဒီယာသမားတွေကို ရန်သူလို သဘောထားခဲ့တာပါ။ အထင်ရှားဆုံး ဥပမာကို ပြောရမယ်ဆိုရင် အလွတ်သတင်းထောက် ကိုပါကြီးပေါ့။ ကိုပါကြီးကို သတ်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာတာဝန်ခံရမယ့်အရာရှိတွေက ရှစ်နှစ်ကျော်ကြာတဲ့အထိ တရားဥပဒေလက်အောက်ကနေ လွတ်မြောက်နေတုန်းပဲ။ အခုအာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီသတင်းထောက်လေးယောက်ကို သတ်ဖြတ်ခဲ့တယ်။ သတင်းမီဒီယာလောကနဲ့ဆက်နွယ်သူပေါင်းများစွာ၊ သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ ထုတ်ဝေသူတွေကို ဖမ်းဆီးထောင်ချတာ နှိပ်စက်တာတွေ လုပ်နေဆဲပဲ။”

၂ဝ၂၁ ဒီဇင်ဘာလက ထုတ်ပြန်တဲ့ CPJ ရဲ့ စာရင်းအရလည်း သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးဝါးဆုံးနိုင်ငံတွေထဲမှာ မြန်မာက နံပါတ် ရှစ်နေရာမှာ ရှိနေပါတယ်။

စစ်တပ်က ၂ဝ၂၁ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးတဲ့နောက် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချပြီး လွတ်လပ်စွာသတင်းရေးသားခွင့်ကို ဖိနှိပ်ခဲ့တယ်လို့ CPJ က ဆိုပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက် သတင်းသမား ၁၄၂ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သတင်းထောက် အလုပ်လုပ်နေတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာမရှိဘူးလို့ RFA ကို ၂၀၂၂ ခုနှစ်၊ မေလက ပြောထားပါတယ်။

စစ်ကောင်စီဟာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာအပြင် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့်တွေကို ပိတ်သိမ်းနေတာဖြစ်ပါတယ်။

ဧရာဝတီသတင်းဌာန ထုတ်ဝေသူအဖြစ် နာမည်ခံထားတဲ့ ဦးသောင်းဝင်းကို စစ်ကောင်စီက စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဧရာဝတီသတင်းဌာနရဲ့ သတင်းမီဒီယာလုပ်ငန်းလိုင်စင်နဲ့ ထုတ်ဝေခြင်းလုပ်ငန်းတွေကို ပိတ်သိမ်းတယ်လို့ အာက်တိုဘာ ၂၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဧရာဝတီသတင်းဌာနအပါအဝင် ထုတ်ဝေခွင့် လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၄ ခုအထိ ရှိလာပြီး နောက်ထပ် စာပေတိုက်လေးခုနဲ့ ပုံနှိပ်တိုက် နှစ်ခုကိုလည်း လိုင်စင်ပိတ်သိမ်းထားပါတယ်။

စစ်ကောင်စီက ၂ဝ၂၃ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် သတင်းသမားတွေ အပေါ်မှာ အခုထက်ပိုပြီး ဖိနှိပ်တာတွေ၊ ဖမ်းဆီးထောင်ချတာတွေနဲ့ ပြည်သူတွေကို သတင်းအမှောင်ချဖို့ ကြိုးစားနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။