ရွှေစျေးကစားသူတွေကို စုံစမ်းအရေးယူမည်ဖြစ်ကြောင်း ရန်ကုန် ရွှေအသင်း သတိပေး

မတ်လဆန်းကစပြီး ၁၆ ပဲရည်အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်းလေးဆယ်ကျော်အထိ စံချိန်တင် မြင့်တက်လာတာကြောင့် စျေးဆွဲတင်၊ ဆွဲချတဲ့သူတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူသွားမယ်လို့ ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မတ်လ ၁၂ နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။

ရန်ကုန် ရွှေအသင်းက သတ်မှတ်ပေးထားတဲ့ စျေးနှုန်းအောက်မှာပဲ အရောင်းအဝယ် ပြုလုပ်ကြရမယ်လို့လည်း ဆိုပါတယ်။

ပြင်ပစျေးကွက်မှာ မတ်လ ၁၂ နေ့ညပိုင်းအထိ အခေါက်ရွှေ တစ်ကျပ်သားကို ဝယ်စျေး ကျပ်သိန်းလေးဆယ်နဲ့ ခြောက်သောင်း (၄၀၆၀၀၀၀)၊ ရောင်းစျေး ကျပ်လေးဆယ့်တစ်သိန်း (၄၁၀၀၀၀၀) အထိ ပေါက်ခဲ့ပေမယ့် (YGEA) ရဲ့ ရည်ညွှန်းစျေးကတော့ ကျပ်သုံးဆယ့်ရှစ်သိန်းနီးပါး (၃၇၉၆၆၀၀) သာ ရှိခဲ့ပါတယ်။

ရန်ကုန် ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ မတ်လထဲမှာ ရွှေအဝယ်ထက် ရောင်းချသူတွေ ပိုများလာတယ်လို့ RFA ကို ပြောပါတယ်။

"ရွှေစျေးတွေက ဒီမတ်လထဲမှာပဲ ရွှေအသင်းက သတ်မှတ်တဲ့စျေးရော၊ ပြင်ပပေါက်စျေးရော တစ်သိန်းကျော်အထိ တက်သွားတာပါ၊ မတ်လ ၁ ရက်နေ့က ရွှေအသင်းရဲ့ ရည်ညွှန်းစျေး ၃၆ သိန်းကျော်ပဲရှိရာကနေ အခု ၃၈ သိန်းနား ကပ်နေပြီလေ၊ အပြင်ပေါက်စျေးကလည်း ၃၉ သိန်းကျော်ကျော်လေးကနေ အခု ၄၁ သိန်းအထိဖြစ်နေပြီ။ ရွှေစျေးတွေက တက်နေတာပါ၊ ဒါပေမဲ့ အဝယ်သမားထက် ရောင်းတဲ့သူတွေက ပိုများလာတာ တွေ့ရပါတယ်"

စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ အမေရိကန် တစ်ဒေါ်လာကို ၁၃၀၀ ကျပ် ဝန်းကျင်သာရှိခဲ့ပြီး အာဏာသိမ်း သုံးနှစ်ကျော်အတွင်းမှာ ရွှေဈေးနှုန်းတွေက သုံးဆကျော်အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။