မြန်မာ့လူဦးရေ ၁၈ သန်းခွဲကျော်ဟာ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၃ ရက်နေ့ ထုတ်ပြန်ကြေညာပါတယ်။
တိုက်ပွဲတွေကြောင့် လုံခြုံမှုမရှိတဲ့အခြေအနေကြားမှာ ငွေကြေးဖောင်းပွတဲ့ဒဏ်ကြောင့် လူတော်တော်များများဟာ နေ့စဉ်လိုအပ်ချက်တွေ ပြည့်မီဖို့အရေး မနည်းရုန်းကန်နေရတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေ တိုးလာနေပြီး အထူးသဖြင့် အရှေ့တောင်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အဆိုးဆုံးဖြစ်နေပြီး ဒုက္ခသည်အရေအတွက်လည်း တိုးလာနေတယ်လို့ UNOCHA ကပြောပါတယ်။ ဒီကနေ့အထိဆိုရင် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် ၂ ဒသမ ၇ သန်းရှိပြီလို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲကို ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကစလို့ လမ်းတွေအားလုံးကိုပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာတွေ ရှားပါးလာနေပြီး ကုန်စျေးနှုန်းတွေလည်း ကြီးလာနေတယ်လို့ ဖော်ပြထားပါတယ်။
UNOCHA အနေနဲ့ အကူအညီလိုအပ်နေသူတွေဆီရောက်အောင်ကြိုးစားနေပေမဲ့ လွတ်လွတ်လပ်လပ်သွားလာခွင့်မရဘဲ ပိတ်ဆို့ခံထားရတာ၊ ရန်ပုံငွေလိုအပ်တာတွေကြောင့် ခရီးမပေါက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။