တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာနိုင်ငံသား တစ်ထောင်နီးပါး အဖမ်းခံရ

ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မတ်လအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား တစ်ထောင်နီးပါးရှိတယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေကို ကိုးကားပြီး မြန်မာနိုင်ငံသားတွေ အရေးကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပ‌‌‌ဒေကြောင့် မြန်မာနိုင်ငံသားလူငယ်အများစု ထိုင်းနိုင်ငံထဲကို နည်းလမ်းပေါင်းစုံနဲ့ သွားရောက်နေရာမှာ ထိုင်းရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရတာလို့ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

“အခုလေကြောင်းကလည်း စဥ်ဆက်မပြတ် စောင့်ကြည့်နေတယ်။ လေယာဉ်တွေ ရဟတ်ယာဉ်တွေက စောင့်ကြည့်နေတယ်။ နောက် CCTV အမျိုးမျိုးနဲ့ ။ နောက် တချို့နေရာတွေမှာ မြင်းတပ်ဖွဲ့တွေတောင်ရှိတယ်။ အဲအနေအထားတွေမှာ နယ်ခြားစောင့်တပ်ဖွဲ့တစ်ဖွဲ့တည်းမဟုတ်တဲ့အတွက် ထိုင်းဘုရင့်တပ်မတော်တို့ မြို့စောင့်တပ်တို့၊ အမိမြေလုံခြုံရေးစတဲ့ အရေးကြီးတဲ့ အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်လာတဲ့အတွက် အရင်ကလို တရားမဝင်လာဖို့ မလွယ်တော့ပါဘူး။“

ဒါ့အပြင် မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ထားဖို့ ထိုင်းစစ်တပ်က ကြေညာထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

နယ်စပ်ဖြတ်ကျော်သူတွေထဲက ဖမ်းဆီးခံရသူတွေရဲ့ စာရင်းကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ထိုင်းဘုရင့်တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို စာရင်းပြုစုထားတာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ကပ်ချနဘူရီခရိုင်နဲ့ ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် မဲဆောက်အနီးမှာ ဖမ်းဆီးခံရသူတွေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပ‌ဒေအရ တစ်လခွဲကနေ သုံးလအထိ ထောင်ဒဏ်အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။