မသင်္ကာဖွယ် မြန်မာမူးယစ်ရာဇာတစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထားပြီး၊ သူဟာ မြန်မာစစ်ကောင်စီ အကြီးအကဲတွေနဲ့ နီးစပ်သူဖြစ်တယ်လို့ သတင်းရင်းမြစ် ၃ ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ အသက် ၅၃ နှစ်အရွယ် ဦးထွန်းမင်းလတ် ကို ဘန်ကောက်မှာ ပြီးခဲ့တဲ့တပတ် မနက်စောစော ရဲတပ်ဖွဲ့ကဝင်စီးချိန် ထိုင်းနိုင်ငံသား ၃ ယောက်နဲ့အတူ ဖမ်းမိခဲ့တာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယပြောခွင့်ရသူ Kissana Phathanacharoen ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားတာပါ။
ချုပ်ရက်ရမန် တိုးရဖို့အတွက်ကိုလည်း တရားရုံးကို လျှောက်ထားတဲ့အကြောင်း သူက ပြောပါတယ်။
ဦးထွန်းမင်းလတ်ဟာ အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်သူ ဟိုတယ်၊ စွမ်းအင်နဲ့ သတ္ထုတွင်းလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး၊ စစ်တပ်အတွက် လက်နက်ရိက္ခာတွေ ဝယ်ပေးနေသူ ဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် ၃ ဦးက Reuters ကို ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ လက်နက်နဲ့အကျိုးစီးပွားတွေကို ကန့်သတ်ဖို့ ကြိုးပမ်းချက်တစ်ရပ်အနေနဲ့ ဦးထွန်းမင်းလတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုကို ဗြိတိန်နိုင်ငံက သြဂုတ်လမှာ ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့တာပါ။
၂ဝ၁၉ ခုနှစ်က ဘန်ကောက်မှာလုပ်တဲ့ လက်နက်ပြပွဲတစ်ခုမှာလည်း ဦးထွန်းမင်းလတ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူတွဲပြီး ရိုက်ထားတဲ့ဓာတ်ပုံတွေကို နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ပြသခဲ့ပါတယ်။
၂ဝ၁၉ ခုနှစ် ကုလသမဂ္ဂအထောက်အထားတစ်ခုမှာတော့ - ဦးထွန်းမင်းလတ်ဟာ အငြိမ်းစား စစ်အရာရှိကြီးတစ်ဦးရဲ့ သားဖြစ်ပြီး၊ ၂ဝ၁၇ တုန်းက သူရှယ်ယာပါတဲ့ ကုမ္ပဏီတစ်ခုကနေ မြန်မာစစ်တပ်ကို ဒေါ်လာ ၇၁,၅ဝဝ နဲ့ ညီတဲ့ မြန်မာကျပ်ငွေကို လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဦးထွန်းမင်းလတ်နဲ့ သူ့ကုမ္ပဏီတွေဆီကနေ အတည်ပြုချက်ရဖို့ Reuters ရဲ့ တောင်းဆိုချက်ကို မဖြေခဲ့သလို၊ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း Reuters ကို မဖြေခဲ့ပါဘူး။
နောက်ပိုင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့ - သက်သေအထောက်အထားတွေ ထပ်ပြီး ရဖို့နဲ့ သူ့ချိတ်အဆက်တွေကို စုံစမ်းထောက်လှမ်းနိုင်ဖို့အတွက် ဦးထွန်းမင်းလတ်ကို ဆက်ပြီး ဖမ်းဆီးခွင့်ပြုဖို့ တရားရုံးတော်မှာ ထိုင်းမူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့က လျှောက်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံထားရသူ ၄ ယောက်ဆီကနေ ဒေါ်လာ ၅.၄ သန်းတန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။