ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့က လူဝင်မှုကြီးကြပ်ရေး စခန်းတစ်ခုဖြစ်တဲ့ တောမော (IDC) ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀၆ ဦးကို ဖေဖော်ဝါရီလ ၁၄ ရက်မနေ့ နေ့လယ်က မြန်မာနိုင်ငံကို ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ထိုင်း အာဏာပိုင်အဖွဲ့အစည်း၊ လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတွေက မြန်မာနိုင်ငံဘက်က စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ စစ်ဘက်၊ အရပ်ဘက်က တာဝန်ရှိသူတွေထံကို လွှဲပေးခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ထိန်းသိမ်းခံရထားရတဲ့သူတွေကို ပြန်ခေါ်နေတာလို့မြင်ကြောင်း လူမှုကူညီရေးအသင်းဖြစ်တဲ့ ရနောင်းအခြေစိုက် မိတ္တသာရ (SAFWA) အသင်းက တာဝန်ရှိသူ ကိုသားကျော်က RFA ကိုပြောပါတယ်။
“ကြားရသလောက်တော့ စစ်မှုထမ်းဥပဒေ ထုတ်ပြီးနောက်ပိုင်း လူလိုလို့ ထိုင်းဘက်မှာ ထိန်းသိမ်းခံထားရတဲ့သူတွေကို ပြန်ခေါ်နေတာ။ အရင်က ထိုင်း အစိုးရဘက်က စာရင်းပို့မှခေါ်တာ။ အခုက လူစာရင်းရှိသလောက် ခေါ်ယူနေတာ”
ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀၆ ဦးထဲမှာ အမျိုးသား ၁၆၀ ဦးနဲ့ အမျိုးသမီး ၄၆ ဦးတို့ ပါဝင်ပြီးတော့ ရနောင်းမြို့ကတစ်ဆင့် စက်လှေနဲ့ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့တာလို့ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
နေရပ်ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေထဲမှာ တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှု၊ လူသတ်မှု၊ ခိုးမှုစတဲ့ အမှုပေါင်းစုံက လွတ်ရက်စေ့သူတွေ ပါဝင်တယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၁၈ ဦး နေရပ်ပြန်ပို့ခံခဲ့ရပါတယ်။