ကိုးလအတွင်း တရားမဝင် မြန်မာအလုပ်သမား နှစ်ထောင်ကျော် မြန်မာဘက်ပြန်အပို့ခံရ
2022.12.11

၂၀၂၂ ခုနှစ်၊ မတ်လကနေ နိုဝင်ဘာလကုန်အထိ ကိုးလအတွင်း ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၁၂၀ ဦး ကော့သောင်းဘက် ပြန်အပို့ခံခဲ့ရတယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းရေး စခန်းတွေမှာ ဖမ်းဆီးထားပြီး တစ်လကိုနှစ်ကြိမ် ပြန်ပို့နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့သောင်းမြို့အခြေစိုက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို အကူညီအညီပေးနေသူ တစ်ဦးက RFA ကိုပြောပါတယ်။
“သူတို့ကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးတယ်။ ပြီးရင်နေရပ်ပြန်ဖို့ ကူညီဆောင်ရွက်ပေးရတယ်။ ထိုင်းဘက်အခြမ်းက ကော့သောင်းဘက်ကို တစ်လကို နှစ်ကြိမ်နဲ့ပြန်ပို့တယ်။ တစ်လကို ရွှေ့ပြောင်းအလုပ်သမား ၂၀၀ ဝန်းကျင်လောက်ပြန်ပို့တာပေါ့”
ထိုင်းအာဏာပိုင်တွေက အခုလိုလွှဲပြောင်းပေးပေမယ့် တချို့ကတော့ တရားမဝင် လမ်းကြောင်းကနေတဆင့် ပွဲစားတွေနဲ့ ထိုင်းဘက် ပြန်ထွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မြန်မာဘက် ပြန်အပို့ခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်ကဒေသခံတွေ အများဆုံးပါဝင်တယ်လို့လည်း ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ကော့သောင်း - ရနောင်း လမ်းကြောင်းကနေတဆင့် ထိုင်းဘက်ကို တရားမဝင်သွားနေကြတာလို့ ကော့သောင်းဒေသခံတွေက ပြောပါတယ်။