တရားမဝင် မြန်မာလုပ်သားတွေ တင်လာတဲ့ကားတိမ်းမှောက် ၁ဝ ဦး ဒဏ်ရာရ

လုဆိုင်း
2022.12.06
တရားမဝင် မြန်မာလုပ်သားတွေ တင်လာတဲ့ကားတိမ်းမှောက် ၁ဝ ဦး ဒဏ်ရာရ နိုဝင်ဘာ ၂၂၊ ၂၃ ရက်နေ့တို့တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် မြန်မာနိုင်ငံသားတချို့ကို တွေ့ရစဉ်။
Royal Thai Army

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဖတ်ဟိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့မနက်က တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တင်လာတဲ့ကားတစ်စီး တိမ်းမှောက်လို့ မြန်မာလုပ်သား ၁ဝ ဦးနဲ့ ထိုင်းနိုင်ငံသား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။

အဲဒီကားပေါ်မှာ တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ဦး တင်ဆောင်လာတာဖြစ်ပြီး ဒီမြန်မာနိုင်ငံသား အလုပ်သမားတွေကို ဖတ်ဟိုင်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံကို သွားမယ့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၃ ဦးလည်း ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

“အယုဒ္ဓယနယ်မြေထဲမှာ ယာဉ်မတော်တဆဖြစ်တယ်။ အဲမှာ မြန်မာ ၁ဝ ယောက်နဲ့ ထိုင်း နှစ်ယောက် ဒဏ်ရာရတယ်။ ဒီဇင်ဘာ ၄ ရက်နေ့တုန်းက ထိုင်းနဲ့ မွန်ပြည်နယ် နယ်စပ် ကန်ချနဘူရီပြည်နယ်ထဲမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ကနေ မလေးရှားထိ အလုပ်လုပ်ကိုင်လို့ ရတဲ့ တရားမဝင် မြန်မာ ၅၃ ယောက်ကို ဖမ်းမိတယ်။ သူတို့နဲ့အတူ ထိုင်းနိုင်ငံသား ၃ ယောက်ကိုလည်း ဖမ်းဆီးခံရတယ်”

မလေးရှားနိုင်ငံကို သွားမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၃ ဦးကို ကန်ချနဘူရီခရိုင် စိုင်ရို့မြို့နယ်ထဲမှာ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Royal Thai Army.jpg
နိုဝင်ဘာ ၂၂၊ ၂၃ ရက်နေ့တို့တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် မြန်မာနိုင်ငံသားတချို့ကို တွေ့ရစဉ်။ (Royal Thai Army)

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထိုင်းအာဏာပိုင်တွေရဲ့ နေ့စဉ် ဖမ်းဆီးခံနေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားဝင်သွားခွင့်ရှိတဲ့ လမ်းကြောင်းဖြစ်တဲ့ နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွာ (MOU) စနစ် နှောင့်နှေးကြန့်ကြာတာ၊ ငွေကုန်ကြေးကျများတာတွေကြောင့် အခုလိုတရားမဝင်နည်းလမ်းနဲ့ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေ့စဉ်ဝင်ရောက်လာပြီး ဖမ်းဆီးခံနေရတာ ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ 

“ဒီတရားဝင် MOU လမ်းကြောင်းကြီး နှောင့်နှေးကြန့်ကြာတော့ အဆင့်တွေများတယ်။ သွားရတဲ့နေရာတွေ များတဲ့အခါကြတော့ ငွေကုန်ကြေးကျများတယ်။ မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်ကုန်တယ်။ အဲတော့ တရားမဝင် လမ်းကြောင်းကနေ သူ့နည်းသူ့ဟန် ရှိနေတာ။ အဲတော့ တရားမဝင်လမ်းကြောင်းကနေ လာတာတွေက နည်းသွားစရာ အကြောင်းတော့ မရှိဘူး” 

အခုဒီဇင်ဘာလ ၁ ရက်ကနေ ၆ ရက်နေ့ထိ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆ဝ နီးပါး ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာလထဲမှာလည်း မြန်မာရွှေ့ပြောင်းလုပ်သား ၂၅ဝဝ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။