ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ဖေဖော်ဝါရီ ၁၄ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်လောက်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ရွာထဲကို လေကြောင်းနဲ့ ဗုံး ငါးကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ PNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ရွာဟာ ဆီဆိုင်မြို့နဲ့ မိုင်လေးဆယ်ကျော်ဝေးပြီး ဟိုပုံးမြို့နယ်အစပ်မှာရှိတဲ့ ရွာဖြစ်ပါတယ်။ အဲဒီရွာမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က တပ်တွေလည်း မရှိဘူးလို့ ဆိုပါတယ်။ သေဆုံးထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ နောင်စံဖူးရွာမှာ (PNLA) ကားတွေကို လက်နက်သယ်တယ်ဆိုပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNA) က စစ်ဆေးရာကနေ စစ်ကောင်စီနဲ့ PNLA အဖွဲ့တို့ တိုက်ပွဲစဖြစ်ခဲ့တာပါ။
ဇန်နဝါရီ ၂၂ ရက်မှာတော့ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နေရာတချို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး (PNLA) တပ်ဖွဲ့ကလည်း မြို့တွင်းနဲ့ စစ်ကောင်စီ တပ်စခန်းတချို့ကို ထိန်းချုပ်ခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်ရာကနေ တိုက်ပွဲဖြစ်နေတာ ရက်ပေါင်း နှစ်ဆယ်ကျော်ရှိပါပြီ။
RFA က ပြုစုထားတဲ့စာရင်းအရ တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ဆီဆိုင်မြို့နယ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။
တိုက်ပွဲကြောင့် ဆီဆိုင်မြို့ပေါ် ရပ်ကွက်ခြောက်ခုနဲ့ အနီးအနားရွာတွေက လူဦးရေ တစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။