ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ပြော

RFA Burmese
2024.03.24
ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ပြော ရန်ကုန်တိုင်းရှိ မြို့နယ်တစ်ခုတွင် ရွေးကောက်ပွဲအကြို လှုပ်ရှားမှုအဖြစ် မြန်မာ အီလက်ထရွန်နစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးလေ့လာခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
Myanmar Military

အထွေထွေရွေးကောက်ပွဲကို လုပ်လို့ရနိုင်တဲ့နေရာတွေမှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသတင်းဌာန ITAR-TASS နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌဟာ ရုရှားသတင်းဌာနကို မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ လက်ခံတွေ့ဆုံခဲ့တာလို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက မတ်လ ၂၃ ရက်မှာ ကြေညာပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲစာရင်းမှန်ကန်မှုရှိရေးကို ၂၀၂၄ ခုနှစ်အတွင်း အတက်နိုင်ဆုံးလုပ်သွားမယ်လို့ ဆိုပါတယ်။

“မဲစာရင်းမှန်ကန်ရေးကို ဒီနှစ်ထဲမှာ အတက်နိုင်ဆုံး လုပ်ပါမယ်။ ပြည့်စုံပြီးလို့ တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတော့မှ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့၊ တပြိုင်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ရွေးကောက်ပွဲ ဆောင်ရွက်သွားဖို့ရှိပါတယ်”

ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်ကို ထုတ်မပြောပေမယ့် တိုင်းပြည်တည်ငြိမ်ပြီဆိုရင် ရွေးကောက်ပွဲကို တပြိုင်နက်တည်း မကျင်းပနိုင်ရင်တောင် လုပ်လို့ရတဲ့နေရာတွေမှာ လုပ်သွားမယ်လို့ သူက ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုကတော့ ရွေးကောက်ပွဲကို အပိုင်းလိုက်လုပ်ခဲ့ရင်တောင် လုံခြုံရေးအခြေအနေကို အလေးထားစဉ်းစားသင့်တယ်လို့ RFA ကို ပြောပါတယ်။

“ဒီလို အပိုင်းလိုက် ရွေးကောက်ပွဲ လုပ်တာတော့ အိန္ဒိယမှာလည်းရှိတယ်။ သူ့ နိုင်ငံအနေအထားနဲ့ ရာသီဥတုကြောင့်၊ နိုင်ငံရေး အခြေအနေတွေကြောင့် အဲဒီလို လုပ်တာရှိတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို အပိုင်းလိုက်လုပ်ရင် တစ်ခုရှိတာက လုပ်တဲ့နေရာတွေမှာ လုံခြုံရေးအခြေအနေကို အလေးပေးစဉ်းစားဖို့တော့လိုတယ်”

နိုင်ငံတစ်ဝန်း ပဋိပက္ခတွေဟာ လျော့မသွားဘဲ ဆက်ပြီးဖြစ်နေမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ဖို့ ကြန့်ကြာနေဦးမယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီက မဲစာရင်းမှားယွင်းမှုကို အကြောင်းပြကာ အာဏာသိမ်းခဲ့ပြီး သုံးကျော်တဲ့အထိ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မသတ်မှတ်နိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။