နိုင်ငံငယ်တွေကို အင်အားကြီးနိုင်ငံတွေက ထိန်းချုပ်ဖို့ကြိုးစားနေကြောင်း စစ်ခေါင်းဆောင်စွပ်စွဲ
2023.12.20
အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံငယ်တွေကို ထိန်းချုပ်ခြယ်လှယ်နိုင်ဖို့ (ဒါမှမဟုတ်) ဩဇာလွှမ်းမိုးနိုင်ဖို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကဏ္ဍတွေကို မဟာဗျူဟာကျတဲ့ နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
နေပြည်တော်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်းပတဲ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နဲ့ စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြောဆိုခဲ့တာပါ။
ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေကို အင်အားကြီးနိုင်ငံတချို့က ဩဇာခံတွေ၊ ကြိုးဆွဲလို့ရသူတွေနဲ့ ထိုးဖောက်ဝင်ရောက်ကာ လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ပြီး မီးမွှေးဆောင်ရွက်နေတဲ့အပြင် မတည်မငြိမ်ဖြစ်အောင် လုပ်ကြံဖန်တီးမှုမျိုးစုံနဲ့ သွေးထိုးမြှောက်ပင့်နေတယ်လို့လည်း စစ်ခေါင်းဆောင်က စွပ်စွဲပါတယ်။
ဒါကြောင့် မြန်မာလိုနိုင်ငံငယ်တွေအနေနဲ့ နိုင်ငံကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ်နိုင်စွမ်းမရှိရင် ဖရိုဖရဲပြိုကွဲသွားနိုင်သလို လိုသလိုပုံသွင်း လွှမ်းမိုးချုပ်ကိုင်တာတွေ ကြုံရနိုင်တာကို အလေးအနက် သတိပြုဖို့လိုတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။ အင်အားကြီးနိုင်ငံလို့ပြောပေမဲ့ နိုင်ငံရဲ့အမည်ကိုတော့ စစ်ခေါင်းဆောင်က တိတိကျကျပြောဆိုတာမရှိပါဘူး။
အချင်းချင်း စည်းလုံးညီညွတ်မှုမရှိဘဲ သံသယတွေ၊ ကိုယ်ကျိုးအတ္တတွေ၊ လွဲမှားတဲ့ အယူအဆတွေနဲ့ လုပ်ဆောင်နေမယ်ဆိုရင် နိုင်ငံအတွက် လွန်စွာအန္တရာယ်ကြီးတယ်လို့လည်း ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" အတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့တွေလက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ပြည်ပနိုင်ငံတွေပါဝင်နေတဲ့အကြောင်း စစ်ကောင်စီက ဒီလပိုင်းအတွင်း စွပ်စွဲပြောဆိုတာတွေ ရှိခဲ့ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ စစ်ကောင်စီကိုတော်လှန်တာဟာ တခြားနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဩဇာအာဏာအောက်မှာ မရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေအတွင်း ပြည်ပက ဒရုန်းပညာရှင်တွေ ပါဝင်နေကြောင်းလည်း စစ်ခေါင်းဆောင်က ဒီဇင်ဘာ ၂၉ ရက်နေ့က စွပ်စွဲပြောဆိုခဲ့ပါတယ်။
ကိုးကန့်တပ်ဖွဲ့ MNDAA ပြန်ကြားရေး တာဝန်ရှိသူ လီကျားဝင်းကတော့ စစ်ဆင်ရေးအတွင်း ပြည်ပ ဒရုန်းပညာရှင်တွေ ပါဝင်တယ်ဆိုတဲ့ ကိစ္စဟာ မဟုတ်ဘူးလို့ ငြင်းထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကလည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အနောက်နိုင်ငံအထောက်အပံ့ယူထားတဲ့ မီဒီယာတွေက တရုတ်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးထိခိုက်အောင် လုပ်နေတယ်လို့ ဝေဖန်ထားပါတယ်။
စစ်ကောင်စီအနေနဲ့ မြို့တွေနဲ့တပ်စခန်းတွေ ကျဆုံးတာတွေများလာတာကြောင့် ပြည်ပနိုင်ငံတွေကို အပြစ်ပုံချတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဝေဖန်ကြပါတယ်။