နာမည်ကြီး အမှတ်တံဆိပ် Adidas ဖိနပ်တွေကိုချုပ်လုပ်တဲ့ မြန်မာပေါင်ချိန်စက်ရုံက ဆန္ဒပြအလုပ်သမား ၂၆ ဦးကို အလုပ်ဆက်မခန့်ဘဲ အပြီးသတ် အလုပ်ထုတ်လိုက်တယ်လို့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံးမှာ စက်ရုံဘက်က ဒီဇင်ဘာ ၈ ရက် ဒီနေ့ ပြောဆိုခဲ့တယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက RFA ကို ပြောပါတယ်။
လုပ်ခလစာ တိုးပေးဖို့ အလုပ်သမား ၂၀၀၀ ကျော် ဆန္ဒပြခဲ့တဲ့အထဲမှာ ဆန္ဒပြမှုကို ဦးဆောင်တယ်လို့ ယူဆတဲ့ မြန်မာပေါင်ချိန် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အများစုပါဝင်တဲ့ ၂၆ ဦးကို အလုပ်ထုတ်ခဲ့တာလို့လည်း ဆိုပါတယ်။
စက်ရုံဘက်ကတော့ အလုပ်ထုတ်လိုက်ပြီဖြစ်တဲ့အတွက် လျော်ကြေး သုံးလစာပေးဖို့ ကမ်းလှမ်းခဲ့ပြီး အလုပ်သမားတွေကတော့ အလုပ်ပြန်ခန့်ထားရေးကိုပဲ တောင်းဆိုခဲ့တယ် လို့ အလုပ်ထုတ်ခံခဲ့ရသူ မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မဖြိုးသီတာဝင်းက ပြောပါတယ်။
"စက်ရုံဘက်ကတော့ သုံးလစာ လျော်ကြေးပေးမယ်၊ ယူမလားပေါ့။ ညီမတို့ကတော့ မယူဘူးပေါ့။ အလုပ်ပဲ ပြန်လိုချင်တယ်ပေါ့။ သူတို့ဘက်ကလည်း အလုပ်ကတော့ လုံးဝပြန်မခန့်တော့ဘူးပေါ့။ ဦးစီးကတော့ ဘယ်လိုဆုံးဖြတ်ချက်ချလိုက်လဲဆိုတော့ ဒီမှာပြီးသွားပြီ။ နစ်နာသူက တရားစွဲ။ ဖြစ်နိုင်ရင်တော့ ရှင်းချင်တယ်။ ဒီခေတ်ကာလက ငွေများတရားနိုင်ခေတ်ကို ပြန်ရောက်နေတာဆိုတော့ အဲဒါတော့ စိတ်ပူရတာပေါ့"
ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံးမှာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုကို ဖြေရှင်းဖို့ အတွက် နိုဝင်ဘာ ၂၂ ရက်နေ့၊ ၂၅ ရက်နေ့နဲ့ ဒီဇင်ဘာလ ၈ ရက် နေ့တွေမှာ နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြတာပါ။
အခုလို ဆုံးဖြတ်ချက်ချခဲ့တာနဲ့ ပတ်သက်လို့ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံးက မြို့နယ်ဦးစီးမှူးကို RFA ဆက်သွယ်ခဲ့ပေမယ့် သူ့အနေနဲ့ ဖြေကြားခွင့် မရှိဘူးလို့ ပြန်လည်ပြောဆိုပါတယ်။
မြန်မာပေါင်ချိန်စက်ရုံဟာ ထိုင်ဝမ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၇၀၀၀ ကျော်နဲ့ နာမည်ကြီးအမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်တွေကို ချုပ်လုပ်နေပါတယ်။ တစ်နေ့ကို ဖိနပ်အရံ ၃၆၀၀၀ ကျော် ထုတ်လုပ်နေတယ်လို့ အဲဒီစက်ရုံက အလုပ်သမားတွေက ပြောပါတယ်။
မြန်မာပေါင်ချိန်စက်ရုံမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က စတင်လို့ လုပ်ခလစာ ၄၈၀၀ ကျပ်အစား ၈၀၀၀ ကျပ် တိုးမြှင့်ပေးဖို့ သုံးရက်ကြာ အလုပ်သမား ၂၀၀၀ ကျော် ဆန္ဒပြခဲ့ပြီး စက်ရုံဘက်က အလုပ်သမား ၂၆ ယောက်ကို အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။