ထိုင်းရောက် မြန်မာလုပ်သားတွေ ဆန္ဒပြ
RFA Burmese
2022.12.19
2022.12.19

ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ဒီဇင်ဘာလ ၁၉ ရက်နေ့ ဒီနေ့မှာ ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို ရာနဲ့ချီတဲ့ မြန်မာလုပ်သားတွေ ပါဝင်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး မနေ့က သံရုံးပိတ်ရက်ဖြစ်လို့ ဒီနေ့ ရုံးဖွင့်ရက်မှာ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်ကျဆုံးရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လကနေ နိုဝင်ဘာလကုန်အထိ ကိုးလအတွင်း ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၁၂၀ ဦး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံခဲ့ရပါတယ်။