ပဋိပက္ခဘေး ကြုံနေရတဲ့ မြန်မာပြည်သူတွေအတွက် ယူရိုခြောက်သန်းခွဲ အီးယူထောက်ပံ့

RFA Burmese
2022.12.08
ပဋိပက္ခဘေး ကြုံနေရတဲ့ မြန်မာပြည်သူတွေအတွက် ယူရိုခြောက်သန်းခွဲ အီးယူထောက်ပံ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
CDSOM

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေအပါအဝင် အဆိုးဆုံးဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေအတွက် လူသားချင်းဆိုင်ရာထောက်ထားမှု အကူအညီတွေပေးဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကို ဥရောပသမဂ္ဂ (အီးယူ) က ယူရိုခြောက်သန်းခွဲ ထောက်ပံ့ထားတယ်လို့ WFP က ဒီဇင်ဘာလ ၇ ရက်၊ မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဒီထောက်ပံ့ငွေတွေကို ပြည်တွင်းက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ဒေသခံ အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေအပါအဝင် အဆိုးဆုံးဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေအတွက် စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ လိုအပ်တဲ့အာဟာရတွေ ထောက်ပံ့ကူညီပေးသွားမယ်လို့ WFP က ဆိုပါတယ်။

ဒါပေမဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအလိုအပ်ဆုံးဖြစ်နေတဲ့ လူဦးရေအများဆုံး နေရာတွေကို ရောက်ရှိနိုင်ဖို့အတွက် ကြီးမားတဲ့ ကန့်သတ် ချုပ်ချယ်မှုတွေရှိနေဆဲလို့ WFP က ဆိုပါတယ်။

ဒါကြောင့် လတ်တလော အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတိုကို ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ သွားရောက်နိုင်ဖို့ အီးယူနဲ့ WFP က တောင်းဆိုတယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလိုထောက်ပံ့ကူညီမှုဟာ ရန်ကုန်မြို့အစွန်အဖျားတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသတွေက လူရှစ်သိန်းကျော်ဆီကို ရောက်ရှိလိမ့်မယ်လို့ WFP ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၁ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် အသစ် တစ်သန်း ခုနစ်သိန်းနီးပါး (၁,၆၅၀,၆၆၁) ရှိလာတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု ISP- Myanmar က နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။