အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေကို ဆက်လက်နေထိုင်ခွင့်ပေးဖို့ ကဘော်ချိုင့်ဝှမ်းဒေသ ဗမာပြည်ဒုက္ခသည်များကော်မတီ (BRCK) က မတ်လ ၂၄ ရက်မှာ တိုက်တွန်းလိုက်ကြောင်း အိန္ဒိယသတင်းစာ Deccan Herald က ဖော်ပြပါတယ်။
မဏိပူရ်ပြည်နယ်က ထိန်းသိမ်းရေးစင်တာတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးဖို့ ပြည်နယ်အစိုးရက စီစဉ်နေချိန်မှာ အခုလို တိုက်တွန်းလိုက်တာပါ။
ပြန်ပို့ခံရရင် စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုခံရနိုင်တာကြောင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အစိုးရအနေနဲ့ ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်။
ထိန်းသိမ်းရေးစခန်းတွေက ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်တဲ့အချိန်ထိ နယ်စပ်တစ်လျှောက်မှာ နေထိုင်ခွင့်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒုက္ခသည်အရေး ကူညီနောက်တဲ့ India For Myanmar အဖွဲ့ကလည်း ဒုက္ခသည်တွေကို လုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်တဲ့ နည်းလမ်းတွေ စီစဉ်ပေးဖို့နဲ့ မြန်မာစစ်ကောင်စီဆီ ပြန်မလွှဲဖို့ ပြည်နယ်အစိုးရကို တောင်းဆိုထားပါတယ်။
India For Myanmar အဖွဲ့ စာရင်းတွေအရ စစ်ရေးပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းနီးပါးရှိပါတယ်။ ဒီအပြင် တရားမဝင်နေထိုင်လို့ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၇၀ ဝန်းကျင်ရှိပါတယ်။