အဆိုတော်စောဖိုးခွားကို ထောင်ကလွှတ်ပေးပြီး‌ ချက်ချင်းပြန်ဖမ်း

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ ရက်ဂေးအဆိုတော် စောဖိုးခွားကို ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ နိုဝင်ဘာလ ၁၅ ရက် ဒီနေ့ ပြန်လွှတ်ပေးလိုက်ပြီးနောက် စစ်ကောင်စီက ချက်ခြင်း ပြန်ပြီးဖမ်းဆီးလိုက်ပါတယ်။

အဆိုတော်စောဖိုးခွားအ‌ပေါ် စွဲဆိုထားတဲ့ နောက်ထပ်အမှုတစ်မှု ရင်ဆိုင်ဖို့ ကျန်သေးတာကြောင့် ပြန်ဖမ်းခေါ်သွားတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

စောဖိုးခွားဟာ စစ်တပ်အာဏာမသိမ်းခင် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲကာလက ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် NLD ပါတီ မဲဆွယ်စည်းရုံးရေးပွဲအတွင်း "ဒေါ်စိန်အေးရဲ့သား" အမည်ရှိသီချင်းကို သီဆိုခဲ့ပါတယ်။

အဲဒီသီချင်းဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်လောင်းသင်တန်းကျောင်းဆင်း အရာရှိတွေကို လှောင်ပြောင်သရော်ထားတဲ့သီချင်း ဖြစ်ပါတယ်။

အဲဒီနောက် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် စောဖိုးခွားကို ဖမ်းဆီးလိုက်ပြီး အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ခဲ့တာပါ။

87981215_1067574613599967_8924667889030529024_n.jpg

ဒီပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့လို့ ဒီနေ့ပြန်လွတ်လာပေမယ့် သံတောင်ကြီးမဲဆွယ်ပွဲမှာ ကိုဗစ်စည်းကမ်းတွေ မလိုက်နာမှုနဲ့ စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပ‌ဒေ ပုဒ်မ ၃၀ (က) ကျန်နေသေးတဲ့အတွက် ပြန်ပြီးဖမ်းဆီးလိုက်တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာစာပေနယ်ပယ်က တတ်သိပညာရှင်တွေလည်း အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီထဲမှာ စာရေးဆရာ မောင်သာချို၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမြအေး၊ သတင်းစာနယ်ဇင်းသမား ဦးစည်သူအောင်မြင့်၊ စာရေးဆရာ ထင်လင်းဦး၊ ကဗျာဆရာ အေးကို၊ မောင်ယုပိုင် စတဲ့သူတွေဟာ အခုအချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။