ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်မှာ မတ်လ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ လေးရက်အတွင်း မြန်မာနိုင်ငံသား လူငယ် ၁၅၆ ယောက် တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံထားရတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာကြတာများတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကိုပြောပါတယ်။
"ထိုင်းနဲ့ ကရင်ပြည်နယ်နယ်စပ်ဖြစ်တဲ့ ကန်ချနဘူရီခရိုင်မှာ ၄၊ ၅၊ ၆၊ ၇ လေးရက်ဆက်တိုက် ၁၅၆ ဦးရှိတယ်၊ ထိုင်းလုံခြုံရေးအဖွဲ့တွေက ဖမ်းမိတာ၊ ရက်ဆက်ဖမ်းခံရတာ၊ အများဆုံးပဲ၊ ခုလောလောဆယ် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုမှာ အများဆုံးပဲ၊ အဓိကတော့ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် စိုးရိမ်ပြီး ဝင်လာကြတာပေါ့၊ တရားဝင် MOU နဲ့လာမယ်ဆိုရင်လည်း သူတို့နာမည်စာရင်းပေးသလိုဖြစ်မှာစိုးလို့ တရားမဝင် ဝင်လာကြတာ၊ လာတဲ့သူတွေက အသက် ၁၈ နှစ်နဲ့ ၃၅ ကြားပါပဲ"
အဓိကဖမ်းခံရတာက အစုလိုက်အပြုံလိုက်နယ်စပ်ဖြတ်ကျော်တာကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး အဖမ်းမခံရဘဲ လွတ်မြောက်သွားသူတွေလည်း ဒီထပ်ပိုများနိုင်တယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်ပြီးနောက်ပိုင်း ထိုင်းမြန်မာနယ်စပ်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ်နီးပါးရှိပြီး ထိုင်းနိုင်ငံက သူတို့နိုင်ငံလုံခြုံရေးအတွက်ဆိုပြီး ဖမ်းမိတဲ့သူတွေအားလုံးကို သတင်းမထုတ်ပြန်ဘူးလို့လည်း ဦးမိုးကြိုးကပြောပါတယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေဟာ လဝကဥပဒေအရ ၄၅ ရက်ကနေ ရက် ၉၀ အထိ ထောင်ဒဏ်ကျခံရနိုင်ပြီး လူအစုလိုက် အဖမ်းခံရမယ်ဆိုရင်တော့ လူကုန်ကူးမှုနဲ့ပါ ထောင် လေးလကနေ တစ်နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့လည်း ထိုင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကလည်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူသွားမယ်လို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သတိပေးထားပါတယ်။