မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဖိတ်ကြားဆွေးနွေးတာက အဖြေမရနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဒီဇင်ဘာ ၂၃ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
“စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခြင်းအားဖြင့် ဘာမှအဖြေရမှာ မဟုတ်ဘူး။ မတည်ငြိမ်မှုတွေ၊ အကြမ်းဖက်မှုတွေ ပိုမိုများပြားလာမှာပါ”
မြန်မာနိုင်ငံရဲ့ အခက်အခဲအကျပ်အတည်းတွေကို ကူညီပေးချင်တယ်ဆိုရင် NUG အပါဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဖို့လိုတယ်လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက အကျပ်အတည်းအခြေအနေတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက မြန်မာစစ်ကောင်စီ အပါအဝင် အိမ်နီးချင်းနိုင်ငံတချို့ကို ဖိတ်ခေါ်ပြီး ဘန်ကောက်မြို့မှာ ဒီဇင်ဘာလ ၂၂ ရက် မနေ့က အလွတ်သဘော ဆွေးနွေးခဲ့တာပါ။
စစ်ကောင်စီဘက်ကတော့ သူတို့ အကြမ်းဖက်လို့ ကြေညာထားတဲ့ CRPH၊ NUG နဲ့ PDF တွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အားပေးထောက်ခံတာမျိုး မလုပ်သင့်ကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၂ ရက်၊ မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါတယ်။
ကျန်တဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့ကတော့ ဒီအစည်းအဝေးပွဲကို မတက်ရောက်ခဲ့ပါဘူး။