တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ ထိုင်းရဲတပ်ဖွဲ့ညွှန်ကြား

နယ်စပ်ကနေ ထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ကျော်တာတွေမရှိအောင် တင်းတင်းကျပ်ကျပ်တားဆီးဖို့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို နယ်ခြားစောင့်တပ် ရဲချုပ်က မတ်လ ၁၂ ရက်နေ့မှာ အမိန့်ပေးချက် ထုတ်လိုက်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကိုပြောပါတယ်။

မတ်လ ၇ ရက်နေ့မှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မှာ တိုက်ပွဲဖြစ်ပြီးနောက် ထိုင်းနိုင်ငံဘက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာတွေမရှိအောင် ပိုပြီးတင်းကျပ်ထားတာကြောင့် ဒီအချိန်ဟာ တရားမဝင်နည်းနဲ့ ထိုင်းနိုင်ငံထဲဝင်လာမဲ့ မြန်မာနိုင်ငံသားတွေအတွက် အန္တရာယ်များတယ်လို့ သူက ပြောပါတယ်။

မြန်မာပြည်ထဲမှာ မတည်ငြိမ်လို့ ထိုင်းနိုင်ငံထဲထွက်ပြေးလာသူတွေ များလာသလို၊ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင်ကုန်ပစ္စည်းခိုးသွင်းတာ၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာတာတွေရှိနေလို့ တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ ရဲချုပ်က ထိုင်းနယ်ခြားစောင့်တပ်တွေကို သတိပေးထားတာလို့ ဆိုပါတယ်။

နယ်စပ်တောလမ်းတွေကနေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်တာတွေမရှိအောင် စစ်ဆေးရေးဂိတ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့နဲ့ လိုက်နာမှုမရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အရာရှိတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ နယ်ခြားစောင့်တပ်တွေကို ရဲချုပ်က အသိပေးထားတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ အခုမတ်လ ၁၂ ရက်နေ့အထိ တစ်လဝန်းကျင်အတွင်း ထိုင်း-မြန်မာနယ်စပ်ကနေ တရားမဝင်ဖြတ်ကျော်မှုနဲ့ အဖမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ရှိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။