မြန်မာ့အရေး အိမ်နီးချင်းနိုင်ငံတွေကို ထိုင်း ဖိတ်ခေါ်ဆွေးနွေး

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက အကျပ်အတည်းအခြေအနေတွေနဲ့ပတ်သက်လို့ ထိုင်းအစိုးရက အိမ်နီးချင်းနိုင်ငံအချို့ကို ဖိတ်ခေါ်ပြီး အလွတ်သဘောဆွေးနွေးပွဲတစ်ခုကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်ပြီး ဝန်ကြီးတချို့ တက်ရောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲကို လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့စင်္ကာပူ စတဲ့ အရေးပါတဲ့ အာဆီယံနိုင်ငံတွေက တက်ရောက်ခြင်းမရှိခဲ့ကြောင်း သတင်းဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကနေ ခိုင်မာတဲ့ရလဒ် တစ်စုံတစ်ရာ ထွက်ပေါ်လာတာမရှိပေမယ့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေနဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်နိုင်ရေးနည်းလမ်းတွေကို ဆွေးနွေးကြတယ်လို့ ထိုင်းသတင်းတစ်ခုက ဖော်ပြပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိတဲ့အတွက် အာဆီယံထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ ညီလာခံတွေကို တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ထားတာကြောင့် မနေ့က ဆွေးနွေးပွဲဟာ ရှားရှားပါးပါး စစ်ကောင်စီထိပ်ပိုင်းဝန်ကြီးတွေ တက်ရောက်လာတဲ့ နိုင်ငံတကာအဆင့်ဆွေးနွေးပွဲ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မလေးရှားနဲ့ဖိလစ်ပိုင်နိုင်ငံက သံတမန်တွေက ဒီဆွေးနွေးပွဲကို မတက်ရောက်ဖြစ်ခဲ့တာအတွက် အကြောင်းပြချက်မပေးပါဘူး။