အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဆက်ဆံဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ တိုက်တွန်းချက်အပေါ် ကြိုဆိုကြောင်း NUG အစိုးရက မတ်လ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နည်းလမ်းသစ် ရှာဖွေချည်းကပ်ဖို့ လိုနေပြီး၊ NUG အစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေ၊ နယ်စပ်မှာ လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့တွေအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ လိုတယ်လို့ မဟာမင်းကြီး Volker Turk က မတ်လ ၁ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ စစ်ရေးအရ အဖက်ဖက်က ရှုံးနိမ့်လာတာကြောင့် စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီး၊ လူငယ်တွေရဲ့ အနာဂတ်တွေကို ဖျက်ဆီးနေတယ်လို့ NUG က ထောက်ပြပြောဆိုပါတယ်။
ကုလသမဂ္ဂမဟာမင်းကြီးတောင်းဆိုတဲ့ ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့၊ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့၊ စစ်ကောင်စီအပေါ် နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့ဖို့စတဲ့ အချက်တွေအားလုံးကို NUG က ထောက်ခံသလို၊ NUG အစိုးရအနေနဲ့ ကုလလူ့အခွင့်အရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ၊ ငွေကြေးအင်အားနဲ့ နည်းပညာပိုင်း အကူအညီပေးရေးတွေကိုလည်း NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေတစ်ဆင့် ပေးဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။